Tuesday, June 6, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၅

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး (သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄)ဝါ)သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နယုန်လဆန်း ၇ ရက်၊ ၂၀၂၃ ခုနှစ် မေ ၂၅ ရက် (ကြာသ ပတေးနေ့) ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

 







ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာကျော်ထွန်းနှင့် ခွန်စံလွင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုသည်။

လျှောက်ထားဆွေးနွေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ မန္တလေးမြို့မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်မည့် အခြေအနေများကို လျှောက်ထားဆွေးနွေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မစိုးရိမ်တိုက်သစ် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားကိုနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ထို့နောက် ဆရာတော်ကြီးများဦးဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အနိစ္စာဝတသင်္ခါရာ စသော သံဝေဂ (၃) ဂါထာကို ရွတ်ဆိုပွားများကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ဆရာ တော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အန္တိမဈာပန သာဓု ကီဠန ပူဇာသဘင်အခမ်းအနားအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ များ၊ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ပင့်ဆောင်မည့် လမ်းကြောင်းတစ်လျှောက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဥတုဇရုပ်ကလာပ်တော်အား တေဇောဓာတ်မီးပူဇော်မည့် အခမ်းအနားနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လောင်တိုက်ပြာသာဒ် တည်ဆောက်နေမှု အခြေအနေများနှင့် သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇာသဘင်ကျင်းပရန် ပြင်ဆင်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆရာတော်ကြီး၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီမှ စတင်၍ လည်းကောင်း၊ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျှောပူဇာ သဘင်အခမ်းအနားကို ဇွန် ၇ ရက် နံနက် ၅ နာရီ မိနစ် ၃၀ မှစတင်၍လည်းကောင်း MRTV HD Channel ၊ MRTV Farmers’ Channel ၊ MRTV Parliament Channel၊ MWD HD Channel ၊ MWD Variety HD Channel ၊ မဟာဗောဓိရုပ်သံလိုင်းနှင့် Buddha Channel တို့တွင် တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment