Tuesday, June 6, 2023

၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှာစကားပြောကြား

နေပြည်တော် ဇွန် ၅

၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 




















အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဆုရရှိကြသူများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရွှေရတုကိုရောက်ရှိခဲ့ပြီဖြစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး၏ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်လာကြစေရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ၁၉၇၃ ခုနှစ်မှ စတင်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကိုကျင်းပခဲ့သည်မှာ ယခုအခါ နှစ်(၅၀)ပြည့်မြောက်သည့် ရွှေရတုကိုရောက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solutions to Plastic Pollution)” ဟု သတ်မှတ်ထားပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏ ပြုမူဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် ဆိုင်ရာ အကျိုးဆက်များကို နိုင်ငံများအားလုံးဖြေရှင်း ဆောင်ရွက်ရန်၊ ပလတ်စတစ်ညစ်ညမ်းမှု ကိုင်တွယ် ဖြေရှင်းခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ စွန့်ပစ် ပစ္စည်းအနည်းဆုံးနှင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေသည့် ပတ်လည်စီးပွားရေးလုပ်ငန်း (Circular Economy) သို့ အသွင်ကူးပြောင်းရန် အချိန်ကျရောက်ပြီဖြစ်သည်ကို သတိပေးလိုက်ခြင်း ပင် ဖြစ်ပါကြောင်း။

အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်ပေါ်စေ

ပလတ်စတစ်၏ဆိုးကျိုးနှင့်ပတ်သက်၍ ပလတ်စတစ်သည် သဘာဝအလျောက် မပျက်စီးသည့်၊ ပြိုကွဲပျောက်ပျက်ရန်မလွယ်သည့်၊ ပတ်ဝန်းကျင်ကိုညစ်ညမ်းပြီး အန္တရာယ်ဖြစ်စေသည့် ပစ္စည်းများထဲမှ တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှသာ ပြိုကွဲပျက်စီးနိုင်ပါကြောင်း၊ ကုန်းမြေနှင့်ရေလမ်းကြောင်း၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်း ကြောင့် ရေမြောင်းများ၊ မြစ်ချောင်းများ၏ ရေလမ်းကြောင်းစီးဆင်းမှုများ ပိတ်ဆို့မှုဖြစ်ပွားပြီး ရေကြီး ရေလျှံသည်အထိပါ ဖြစ်ပွားစေပါကြောင်း၊ ရေလမ်းကြောင်းအနီး၌ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ရေချိုသယံဇာတများကို ညစ်ညမ်းစေသည်သာမကဘဲ ရေအရည်အသွေးကိုလည်း ကျဆင်းစေခြင်းဖြစ်ပါကြောင်း၊ အဆိုပါစွန့်ပစ် ပလတ်စတစ်များသည် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာအဏ္ဏဝါပတ်ဝန်းကျင်ကို ရောက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ သေးငယ်သည့် ပလတ်စတစ်အပိုင်းအစများ (မိုက်ခရိုပလတ်စတစ်) အဖြစ် ပြောင်းလဲဖြစ်ပေါ်ကာ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေပါကြောင်း။

ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဖျောက်ဖျက်ပစ်ရန် မီးရှို့ဖျက်ဆီးမည်ဆိုပါကလည်း ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်၊ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် စသည့်ဓာတ်ငွေ့များ ထွက်ရှိလာပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့်အတွက် လူသားများ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါကြောင်း၊ ထို့ကြောင့် ပလတ်စတစ်သည် စတင်ထုတ်လုပ်သည့် အချိန်မှစ၍ အသုံးပြုပြီး စွန့်ပစ်သည့်အချိန်အထိ ၎င်း၏သက်တမ်းတစ်လျှောက်လုံးတွင် သဘာဝ ပတ်ဝန်းကျင် လေထု၊ မြေထု၊ ရေထုကို ညစ်ညမ်းစေသည် သာမကဘဲ ကုန်းနေရေနေသတ္တဝါများကိုပါ အန္တရာယ်များစွာ ကျရောက်စေပါကြောင်း၊ ကမ္ဘာပေါ်ရှိ လူတစ်ဦးချင်းစီသည် ယေဘုယျအားဖြင့် တစ်နှစ်လျှင် ပျမ်းမျှပလတ်စတစ်အမှုန်ပေါင်း ၅၀၀၀၀ နှင့်အထက် ခန္ဓာကိုယ်အတွင်းကို အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိလျက်ရှိကြောင်းကို ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်က ထုတ်ပြန်သည့်သတင်းအချက်အလက်များအရ သိရှိရပါကြောင်း၊ အဆိုပါ ကိစ္စရပ်သည်မည်မျှ အန္တရာယ်ကြီးသည်ကို စဉ်းစားကြည့်ပါက သိနိုင်ပါ ကြောင်း။

သမုဒ္ဒရာညစ်ညမ်းမှုကို အဓိကဖြစ်စေ

မြစ်ချောင်းများသည် ပလတ်စတစ်အမှိုက်များကို ကုန်းတွင်းပိုင်းမှ ပင်လယ်ထဲကို သယ်ဆောင်ပြီး သမုဒ္ဒရာညစ်ညမ်းမှုကို အဓိကဖြစ်စေပါကြောင်း၊ လက်ရှိသမုဒ္ဒရာများအတွင်း ပလတ်စတစ်တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်းခန့်အထိ တွေ့နိုင်သည်ဟု လေ့လာချက်များအရသိရှိရပါကြောင်း၊ ပလတ်စတစ်ထုတ်လုပ်မှု၊ သုံးစွဲမှုနှင့်စွန့်ပစ်မှုပုံစံများကို မပြောင်းလဲပါက ရေနေဂေဟစနစ်အတွင်းကို ပလတ်စတစ် အမှိုက်ဝင်ရောက်မှုပမာဏသည် တစ်နှစ်ကိုတန်ချိန် ၁၉ သန်းမှ ၂၃ သန်းအထိရှိနေပြီး ၂၀၄၀ ပြည့်နှစ်တွင် သုံးဆနီးပါးတိုးလာနိုင်သည်ကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ ဖော်ပြထားချက်များအရ လေ့လာ သိရှိရပါကြောင်း။

ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်နေ

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)က ထုတ်ပြန်သည့် “၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအစီရင်ခံစာ (The State of World Fisheries and Aquaculture 2022)” အရ ပင်လယ်နေသတ္တဝါများကို အလွန်အကျွံဖမ်းဆီးခြင်း၊ ရေထုညစ်ညမ်းခြင်း၊ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အခြားအကြောင်းများကြောင့် ရေနေသတ္တဝါများနှင့် ရေသယံဇာတများ ဆက်လက် ကျဆင်းနေသည်ကိုတွေ့ရှိရပါကြောင်း၊ စွန့်ပစ်ထားသည့်ငါးဖမ်းပိုက်များ၊ ပျောက်ဆုံးသွားသည့် ငါးဖမ်းပိုက်များ၊ အသုံးပြု၍မရတော့သည့် ငါးဖမ်းပိုက်များသည် အဏ္ဏဝါပလတ်စတစ် အမှိုက်သရိုက်များ၏ စိန်ခေါ်မှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ် နေသည်ကို ဖော်ပြထားပါကြောင်း။

ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

အာဆီယံဒေသတွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုခဲ့ရာ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပြီး အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဒေသ တွင်း (၂၀၂၁-၂၀၂၅) လုပ်ငန်းအစီအစဉ်၌ မြန်မာနိုင်ငံ အနေဖြင့် အခြားအာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၅ နှင့် ပုဒ်မ ၃၉၀၊ ပုဒ်မခွဲ(ခ)တို့တွင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ တာဝန်ရှိမှုကို သတ်မှတ်ပြဋ္ဌာန်း ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့တစ်တွေသည် မူလကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများဖြစ်ကြသည့်အားလျော်စွာ နိုင်ငံတော်၏သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် မိမိတို့တတ်နိုင်သည့်ကဏ္ဍမှ တာဝန်သိတတ်သည့်စိတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် “မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာ” နှင့် “ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀)” တွင် ရည်မှန်းချက် ပန်းတိုင် ၆ ခုကို အခြေခံချမှတ်ထားပြီး ပလတ်စတစ်ညစ်ညမ်းမှုကို အဓိကဦးစားပေးဖြေရှင်းရန် သတ်မှတ်ထား ပါကြောင်း၊ မြန်မာနိုင်ငံသည် “ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းများနှင့် ၎င်းတို့၏ စွန့်ပစ်မှုအား နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခြင်းကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်း” ၏အဖွဲ့ဝင်နိုင်ငံအနေဖြင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများတင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်များအပေါ် ကွန်ဗင်းရှင်းပါ ကတိကဝတ်များနှင့်အညီ “ပတ်ဝန်းကျင် မထိခိုက်စေသော ခိုင်လုံသည့်အစီအမံ (Environmentally Sound Management)” နှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

တစ်ခါသုံးပလတ်စတစ်အစားထိုးသုံး ပစ္စည်းများကို စနစ်တကျထုတ်လုပ်

မြန်မာနိုင်ငံသည် မြေပေါ်သယံဇာတဖြစ်သည့် သစ်နှင့်ဝါးကုန်ကြမ်းများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် တစ်ခါသုံးပလတ်စတစ်အစားထိုးသုံးပစ္စည်းများကို စနစ်တကျ ထုတ်လုပ်နိုင်သည့် အခြေခံများရှိပြီး ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သစ်တောများ စနစ်တကျ ပြုပြင်ထိန်းသိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းကို ကမ္ဘာတွင် စံပြအဖြစ် ကောင်းစွာပြုလုပ်နိုင်ပါကြောင်း၊ ပလတ်စတစ် အစားထိုးစက္ကူမျိုးစုံ ထုတ်လုပ်ခြင်းကို သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်းအနေဖြင့် မိမိတို့ကြိုးစားဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။

အားပေးဆောင်ရွက်ရမည်ဖြစ်

ထို့အတူပြည်တွင်းမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်း အပါအဝင် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှလျှော့ချရန်၊ ပြန်လည်သုံးစွဲရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင် ထုတ်လုပ်သည့် ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းတွင် မလိုလားအပ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှ ရှောင်ရှားနိုင်ရန် ပြည်ပနိုင်ငံများက စွန့်ပစ်ပစ္စည်းများ တင်သွင်းလာမှုများမရှိစေရေးအတွက်လည်း အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့် စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်သည့်စနစ်နှင့် အမှိုက်ခွဲခြားသိမ်းဆည်းသည့် စနစ်တို့ကိုလည်း ပိုမိုကောင်းမွန်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်း မှာကြားလိုပါကြောင်း။

ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလတ်စတစ်ညစ်ညမ်းမှုမှကင်းဝေးပြီး ရေရှည်တည်တံ့ဖွံ့ဖြိုး တိုးတက်နိုင်ရန်အတွက် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ (Solu-tions to Plastic Pollution)” ဆိုသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ညစ်ညမ်းမှုကို လျော့ကျစေရန် 3R စနစ်ဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချခြင်း (Reduce)၊ တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုရှောင်ကြဉ်ပြီး ပြန်လည်အသုံးပြုခြင်း (Reuse) နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle) တို့ကို ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးကို မိမိတို့ ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားကြပြီး ပိုမိုကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်ကို တည်ဆောက်သွားကြပါရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

သဝဏ်လွှာဗီဒီယိုကို ပြသ

ယင်းနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုနှင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သဝဏ်လွှာဗီဒီယိုကို ပြသသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုကောင်းမွန်သောမြို့ဆုရရှိသည့် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှ တာဝန်ရှိသူထံလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာမှ တာဝန်ရှိသူထံ လည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံဆုရရှိသည့် Global Earth Seafood Processing Plant and Cold Storage Facility Global Earth ARGO and AQUA Industry Public Company Limited မှ တာဝန်ရှိသူထံလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ဆုများပေးအပ်ချီးမြှင့်

ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (အထက်တန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသည့် ကျောင်းများကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက စိမ်းလန်းစိုပြည်သောကျောင်း (မူလတန်းအဆင့်) ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ကျောင်းများကိုလည်းကောင်း၊ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကိုလည်းကောင်း၊ ကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ကမ္ဘာ့ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းစာစီစာကုံး ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်

ထို့နောက် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေးဗီဒီယိုကို ပြသသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment