Sunday, June 18, 2023

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 


နေပြည်တော်၊ ဇွန် - ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေး နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ကျောက်ဖြူမြို့အဝင် ပင်လယ်ကမ်းခြေနေရာသို့သွားရောက်၍ ကမ်းခြေသာယာလှပရေး စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် စာသင်ကျောင်းများအား သန့်ရှင်းသာယာလှပရေး၊ အမှိုက်ရှင်းလင်းခြင်း၊ သစ်ပင်၊ ခြုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များအား သယ်ယူဆောင်ရွက်နေခြင်း၊ ရေမြောင်းများရှိ အမှိုက်များ ရှင်းလင်း ခြင်းများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့ပြင် ငကျဉ်တောက်ကျေးရွာ အုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ငကျဉ်တောက်ကျောင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့အတူ သံတွဲမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် သံတွဲခရိုင်ပြည်သူ့ ဆေးရုံခြံဝန်းအတွင်းရှိ ခြုံနွယ်သစ်ပင်များ၊ မြက်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သာသနာ့ဗိမ္မာန်၊ မြို့မဝေဠုဝန်ဘုန်းတော်ကြီးကျောင်းနှင့် ငပလီလမ်းရှိ အခြေခံပညာမူလတန်း ကျောင်းတို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဆေးဖြန်းခြင်းများ အား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းနှင့် တာဝန်ရှိသူများသည် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မြက်နှင့် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်သိမ်း ကားများဖြင့် လိုက်လံ သိမ်းဆည်းခြင်း၊ သတ်မှတ်နေရာ၌ စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းများအား ကြည့်ရှု စစ်ဆေး ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ခင်မောင်အေး နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ တပ်နယ်ခန်းမ၌ သဘာဝဘေးဒဏ်သင့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အလားတူ မာန်အောင်မြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ လျှပ်စစ်မီးမရရှိသည့် ကျေးရွာ(၉)ရွာနှင့် ဆေးပေးခန်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်းများသို့ အိမ်သုံးဆိုလာများ လှူဒါန်းပွဲကို တက်ရောက်ခဲ့ သည်။

ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် တင်ဆွေနှင့် တာဝန်ရှိသူများသည် ကညင်တန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းခြံဝန်းအတွင်းရှိ မြက်ပင်၊ ပေါင်းပင်များ၊ ခြုံနွယ်များ၊ အမှိုက်သရိုက်များ၊ လဲကျနေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းစွန့်ပစ်ခြင်းများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment