Sunday, June 18, 2023

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးပြီး သုဝဏ္ဏဘောလုံးကွင်းတွင် မိုခါမုန်တိုင်း သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး

 








ရန်ကုန်၊ ဇွန် ၁၇

ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နေ့လည်ပိုင်းက မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး မွန်းလွဲပိုင်းတွင် သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသည့် မိုခါမုန်တိုင်း သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲအား ကြည့်ရှု့ အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မာင်အုန်းသည် မေ(၁၄)ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြန်မာရုပ်မြင်သံကြား(ရန်ကုန်)ရှိ ပင်မအဆောက်အဦမှ ခေါင်မိုးသွပ်များ ပြုတ်ထွက်ပျက်စီးခဲ့မှုအပေါ်  အမြန်ရှင်းလင်း၍ ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စတူဒီယို-အေတွင် နိုင်ငံတော်သံစုံတီးဝိုင်းအား အဆင့်မြှင့်တင်နိုင်ရန်အတွက် အခြားနိုင်ငံများမှ သံစုံတီးဝိုင်းများ တီးခတ်ဖျော်ဖြေ တင်ဆက်မှု ဗီဒီယိုဖိုင်အား စုပေါင်းကြည့်ရှု၍ ဖွဲ့စည်းလေ့ကျင့်မှုနှင့် ဖျော်ဖြေတင်ဆက်မှုများအား သုံးသပ် ဆွေးနွေးပြီး အကြံပြုတင်ပြချက်များအပေါ်  လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် တိုင်းဒေသကြီး ဝန်ကြီးများ ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဧည့်ပရိသတ်များနှင့်အတူ မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက် သောဒေသများ ပြန်လည်ထူထောင်ရေးတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီနိုင်ရန်အတွက် အနုပညာရှင်များ၊အတတ်ပညာရှင်များ၊နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားဟောင်းများ ပူးပေါင်း၍ ရန်ပုံငွေဘောလုံးပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ဒုတိယနေ့အဖြစ် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏအားကစားကွင်း၌ ဆက်လက်ကျင်းပရာ တက်ရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ တတိယလုပွဲ ပြိုင်ပွဲမစတင်မီ ပါဝင်ယှဉ်ပြိုင်ကြမည့် Forever FC အသင်း နှင့် ညွန့်ပေါင်းဘောလုံးအသင်း (Old Star(FC)တို့မှ နှစ်ဘက်အသင်းသားများအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့် တို့က ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက ပန်းစည်းများပေးအပ်ကြသည်။

ထို့နောက် တတိယလုပွဲကို ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်၂ဂိုးစီသရေကျခဲ့ပြီး ပိုင်နတီ အဆုံးအဖြတ်ရယူရာ Old Star(FC)အသင်းက ၅ဂိုး ၄ဂိုးဖြင့် Forever FC အသင်းအား အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဗိုလ်လုပွဲကိုကျင်းပရာ ပြိုင်ပွဲမစတင်မီ ပါဝင်ယှဉ်ပြိုင်ကြမည့် ရုပ်ရှင်အသင်း (Movie FC)နှင့် ဂီတအသင်း(Music FC)အသင်းတို့မှ နှစ်ဘက်အသင်းသားများအား မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ လွင်မြင့်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းဦးတို့က ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များက ပန်းစည်းများ ပေးအပ်ကြသည်။

ယင်းနောက် ဗိုလ်လုပွဲကို ရုပ်ရှင်အသင်း(Movie FC)နှင့် ဂီတအသင်း(Music FC) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂီတအသင်း(Music FC)က ၂ဂိုး ၁ဂိုးဖြင့် ရုပ်ရှင်အသင်း(Movie FC)အား အနိုင်ရရှိခဲ့သည်။

ထို့နောက် အလှူငွေပေးအပ်ပွဲကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် သိန်း၃၀၀ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ သိန်း၂၅၀ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ယင်းနောက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ လွင်မြင့်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးနေလင်းဦး တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အသန့်ရှင်းဆုံးဆုရရှိသည့် Forever FC အသင်းနှင့် တတိယဆုရရှိသည့် Old Star(FC)အသင်းတို့အား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက လည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုရရှိသည့် ဂီတအသင်းMusic (FC)အသင်း အား မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ လွင်မြင့်က လည်းကောင်း၊ ဒုတိယဆုရရှိသည့် ရုပ်ရှင်အသင်း(Movie FC)အား ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့က ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် ဂီတအသင်း Music(FC) အသင်းအား ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်အားကစားသမား များအား ရင်းရင်းနှီးနှီးနှု တ်ဆက်သည်။

ဘောလုံးပွဲမစတင်မီနှင့် ခေတ္တရပ်နားချိန်အတွင်း အနုပညာရှင်ဖြစ်ကြသည့် အိမ့်ချစ်၊ ချယ်ရီသင်း၊ ဂျင်းနီ၊ အစ္စဏီ၊ ရာဝန၊ ICE COLD၊ မိဖူး၊ နေလင်းကျော်၊ ဆိုတေး၊ Dဖြိုး၊ ဟန်သီနှင့် မီနိုတို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အနုပညာရှင်များက ပြိုင်ပွဲသို့ လာရောက် အားပေးကြသည့် ဧည့်ပရိတ်သတ်များအား ပွဲကြည့်စင်နေရာအရောက် မိုခါ မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေများ ကောက်ခံကြသည်။

ယခု မိုခါဘောလုံးပြိုင်ပွဲမှ အလှူငွေ (၉၅၅၅၀၀၀၀)သိန်း ကိုးရာငါးဆယ့်ငါးသိန်း ငါးသောင်းရရှိပြီး ရန်ပုံငွေဘောလုံးပြိုင်ပွဲမှ ရရှိသော ရန်ပုံငွေများကို မိုခါမုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment