သားငါးကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုများတိုးမြှင့်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်နေသည်။ စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် မိမိတို့နေ့စဉ် မဖြစ်မနေဖြေရှင်းကြရသည်မှာ စားရေးဖြစ်ပြီး ဆန်၊ ဆီကဲ့သို့သော အခြေခံစားသုံး ကုန်များ၊ ငရုတ်၊ ကြက်သွန်ကဲ့သို့သော မီးဖိုချောင်သုံးကုန်များ နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက် စသည်တို့၏ ကုန်ဈေးနှုန်းများ က တရိပ်ရိပ်မြင့်တက်လျက်ရှိရာ ပြည်သူလူထုအများစုကြီး၏ နေ့စဉ်ဘဝများအပေါ်တွင် ဖိစီးလျက်ရှိနေခြင်းကြောင့် ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်က ကြိုးပမ်းနေခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာပေါ်တွင် ကူးစက်ပျံ့နှံ့ခြင်းမှစကာ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားမှ ဖြစ်ပေါ်လာသည့် ကမ္ဘာ့နိုင်ငံရေး ရိုက်ခတ်မှုများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင်ကြရသည်ကို နိုင်ငံတကာသတင်းများတွင် တွေ့မြင်ရသည်။ ၎င်းအခြေအနေသည် မိမိတို့နိုင်ငံအပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။ တစ်ခုပိုသည်မှာ မိမိတို့၏ ပြည်တွင်းနိုင်ငံရေးဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန် ထမ်းဆောင်မှု စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်မှသည် လက်ရှိအချိန်ထိ နိုင်ငံ့စီးပွားရေးကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နေခြင်းဖြစ်သည်။ သယ်ယူပို့ဆောင်မှုစရိတ်များ ကြီးမြင့်ခြင်း၊ ကုန်ထုတ်လုပ်မှု စရိတ်များမြင့်တက်ခြင်း၊ ဝယ်လိုအားနှင့်ရောင်းလိုအား မမျှတခြင်းစသော အခြေခံအကြောင်းတရားများကြောင့် ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းသာမက ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအမြတ်ထုတ်လိုမှုများဟူသော အကြောင်းတရားများကြောင့်လည်း ဖြစ်သင့်ဖြစ်ထိုက်သည်ထက်ပိုမိုကာ ကုန်ဈေးနှုန်းများ မြင့်မားနေသည်ဟု ယူဆဖွယ်ရာဖြစ်သည်။
ကုန်ဈေးနှုန်းကျဆင်းရေးဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှုစရိတ်များ လျှော့ချရေး၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးနှင့် ဝယ်လိုအားနှင့်ရောင်းလိုအား မျှတစေရေးတို့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့ ဒေသများအလိုက် သားငါးကဏ္ဍကုန်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှုတို့ တိုးတက် မြင့်မားလာရန် ကြိုးပမ်းဆောင်ရွက်ကြရတော့မည်ဖြစ်သည်။ “မိမိတို့ဒေသအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စိုက်ပျိုးမြေများ လုံလောက်စွာရှိပြီးဖြစ်သကဲ့သို့ မွေးမြူရေးအတွက်လိုအပ်သည့် တိရစ္ဆာန်အစားအစာများ ထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်၍ ဒေသအလိုက် စားရေးကို အဓိကအထောက်အကူပြုစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီးဖြစ်သဖြင့် ထိရောက်စွာ အသုံးချရန်လိုကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံစားသုံးကုန် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးတွင် ပြောကြားခဲ့ရာ ဒေသအလိုက် မိမိတို့တွင်ရှိပြီးဖြစ်သော မြေအရင်းအမြစ်၊ ရေအရင်းအမြစ်နှင့် ငွေကြေး၊ လူ့စွမ်းအား အရင်းအမြစ်များကို မှန်ကန်ထိရောက်စွာ အသုံးချဆောင်ရွက်သွားကြရန်ပင်ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသတွင်း ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုများကို တိုးမြှင့်နိုင်ရန် အစိုးရအဖွဲ့များက ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အခြေခံစားကုန်များ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းသည် ဝယ်လိုအားနှင့် ရောင်းလိုအားကို မျှခြေဖြစ်ပေါ်စေမည်ဖြစ်ပြီး ဒေသအလိုက် ဖူလုံစေခြင်းဖြင့် ဝယ်ယူတင်သွင်းရာတွင် ကုန်ကျသည့်စရိတ်စကများကို လျော့နည်းသက်သာစေမည်ဖြစ်သည်။ ဒေသအလိုက် ကုန်ထုတ်လုပ်မှုမြှင့်တင်ခြင်းဖြင့်သာ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းဖြစ်လာပြီး စားရေရိက္ခာပေါများစေနိုင်မည်ဖြစ်ရာ ရည်မှန်းချက်အောင်မြင်ရေး ကြိုးပမ်းအားထုတ်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment