Tuesday, June 13, 2023

မသန်လည်းလူ၊ သန်လည်းလူ စွမ်းဆောင်နိုင်မှုသာအဓိက


က‌မ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဇွန်လ ၄ ရက်နေ့မှစ၍ အားကစားနည်း ၁၄ နည်းဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစားနည်းရှစ်နည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်ဆု ၁၅ ဆု၊ ငွေတံဆိပ်ဆု ၂၂ ဆု၊ ကြေးတံဆိပ်ဆု ၁၉ဆု စုစုပေါင်း ဆုတံဆိပ် ၅၆ ဆုရရှိကာ နိုင်ငံအဆင့် ၆ ဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

အာဆီယံဒေသတွင်းရှိ မသန်စွမ်းသူများ အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေးနှင့် ဒေသတွင်းချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေးအတွက် အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီးနောက်အာဆီယံနိုင်ငံများ၌ နှစ်နှစ်တစ်ကြိမ်အလှည့်ကျ ကျင်းပခဲ့ရာ စတင်ကျင်းပသည့် ပထမအကြိမ်မှ ယခုကျင်းပခဲ့သည့် (၁၂) ကြိမ်မြောက်အထိ မြန်မာနိုင်ငံမှ နှစ်စဉ်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲတိုင်းတွင် အားကစားသမားဦးရေနှင့် အားကစားနည်း နည်းစွာပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ပြိုင်ပွဲဝင် အားကစားနည်းတိုင်းတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည်ကို တွေ့ရသည်။

မှတ်တမ်းများအရ ပထမအကြိမ်တွင် ရွှေတံဆိပ် ၄၃ ခု နိုင်ငံအဆင့် ၃၊ ဒုတိယအကြိမ်တွင် ရွှေတံဆိပ် ၂၄ ခု နိုင်ငံအဆင့် ၄၊ တတိယအကြိမ်တွင် ရွှေတံဆိပ် ၂၉ ဆု နိုင်ငံအဆင့် ၅၊ စတုတ္ထအကြိမ်တွင် ရွှေတံဆိပ် ၁၄ ခု နိုင်ငံအဆင့် ၆၊ ပဉ္စမအကြိမ်တွင် ရွှေတံဆိပ် ၁၄ ခု နိုင်ငံအဆင့် ၆၊ ဆဋ္ဌမအကြိမ်တွင် ရွှေတံဆိပ် ၁၁ခု နိုင်ငံအဆင့် ၆၊ သတ္တမအကြိမ်တွင် ရွှေတံဆိပ် ၃၄ ခု နိုင်ငံအဆင့် ၅၊ အဋ္ဌမအကြိမ်တွင် ရွှေတံဆိပ် ၁၆ ခု နိုင်ငံအဆင့် ၆၊ နဝမအကြိမ်တွင် ရွှေတံဆိပ် ၁၁ ခု နိုင်ငံအဆင့် ၆၊ ဒသမအကြိမ်မြောက် အားကစားပြိုင်ပွဲကို ကျင်းပနိုင်ခြင်းမရှိဘဲ (၁၁) ကြိမ်မြောက်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု နိုင်ငံအဆင့် ၆ ရရှိခဲ့ပြီး ယခု (၁၂) ကြိမ်မြောက် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၅ ဆု နိုင်ငံအဆင့် ၆ ရရှိခဲ့သည်။

မသန်သော်လည်းစွမ်းနိုင်သည်ကို ထုတ်ဖော်ပြသခဲ့ကြသည့် မသန်စွမ်းအားကစားသမားများသည် အားနည်းချို့ယွင်းမှုများကြားမှ မလျှော့သောဇွဲ၊ လုံ့လဖြင့် သန်စွမ်းသူများနည်းတူ ရေကုန်ရေခန်း ကြိုးပမ်းအားထုတ်ခဲ့ကြရာ မည်သို့ပင် အောင်မြင်မှုရရှိသည်ဖြစ်စေ ဂုဏ်ပြုအသိအမှတ်ပြုကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မသန်စွမ်း အားကစားသမားများအား အခြားနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနည်းတူ ဂုဏ်ပြုချီးမြှင့်မှုများကို နိုင်ငံတော်အဆင့် ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့သည်ကို တွေ့ရသည်။

နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးနိုင်ခဲ့ခြင်းသည် နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ကာ နိုင်ငံတော်သီချင်း ပျံ့လွင့်အောင် စွမ်းဆောင်ကြိုးပမ်းနိုင်ခဲ့ကြသူများအား နိုင်ငံတော်အစိုးရက အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုချီးမြှင့်ပေးနေခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်ဦးရေ၊ အားကစားနည်း အရေအတွက် နည်းပါးသော်လည်း ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များနှင့် နိုင်ငံ‌တော်အတွက် ထိုက်သင့်သည့် အဆင့်တစ်ခုရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် မသန်သော်လည်းစွမ်းနိုင်သော မြန်မာအားကစားသမားများ၏ ကြိုးပမ်းအားထုတ်မှု၊ ဇွဲ၊ စိတ်ဓာတ်တို့ကို အသိအမှတ်ပြုရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အားနည်းသူကိုဖေးမကူ၊ လူလူချင်းတန်းတူယှဉ်ပြိုင် ရပ်တည်နိုင်ရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်ပေးနေရာတွင် မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို နောက်ချန်မထားဘဲ တန်းတူအားပေးမြှင့်တင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီကြသော လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၏ အားပေးချီးမြှောက်မှုကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် မသန်စွမ်း အားကစားသမားများကလည်း ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊ စည်းကမ်းလိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသောစိတ်ဓာတ်များဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ယခုထက်ပိုမိုအောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတကာမသန်စွမ်းအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံသား မသန်စွမ်းအားကစားသမားများသည် “မသန်လည်းလူ၊ သန်လည်းလူ စွမ်းဆောင် နိုင်မှုသာအဓိက” ဟူသည့်အချက်ကို ထုတ်ဖော်ပြသကြပြီး နိုင်ငံကိုယ်စားပြု၊ နိုင်ငံ့ ဂုဏ်ဆောင်ဆုတံဆိပ်များကို ပိုမိုရရှိလာအောင် ဆက်လက်စွမ်းဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ 

No comments:

Post a Comment