နေပြည်တော် ဇွန် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဟားခါးမြို့နယ်သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ချင်းပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ကျောက်ဖြူမြို့သို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး သံဃာတော်များအား စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းကာ ဆိုင်ကလုန်း ရှယ်တာ(Cyclone Shelter)များကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် မုန်းတိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားသည်။
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့ရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားနေမှုများနှင့် စာသင်ဆောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ချင်းပြည်နယ်၊ မတူပီမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ခင်မောင်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မတူပီမြို့ရှိ လေဘေးသင့် ပြည်သူများအတွက် ၈ ပေသွပ် ၇၅၀ ချပ်ကို လေဘေးသင့်ပြည်သူများလက်ဝယ်သို့ပေးအပ်ပြီး ဘာသာရေးကျောင်းများနှင့် တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းများအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့အတူ စစ်တွေမြို့သို့ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ယမန်နေ့တွင် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ သွပ်၊ သံ၊ မိုးကာစများနှင့် ဆောက်လုပ်ရေးပစ္စည်းများကိုသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment