Friday, June 9, 2023

သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဇွန် ၈

သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင် စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ သာစည်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျေးရွာရှိ ရွာမကျောင်းတိုက် ဆရာတော် အား ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ပုဏ္ဏားကျွန်းမြို့ဦးဘုန်းတော်ကြီးကျောင်း၌ ပြိုကျပျက်စီးနေသည့် ကျောင်းဆောင်များကို ရှင်းလင်းပေးပြီး စံပြရပ်ကွက်နှင့် ရွာဟောင်းရပ်ကွက်တို့မှ ဒေသခံပြည်သူများအား အဆိုပါကျောင်းတိုက်၌ ဆန်များ ထောက်ပံ့ပေးအပ် လှူဒါန်းကြသည်။

အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ဌာနဆိုင်ရာများနှင့်အတူပူးပေါင်း၍ ကျောက်ဖြူမြို့အဝင် ကားလမ်းမကြီး ဝဲ/ယာရှိ လဲကျနေ သော သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ဘူးသီးတောင်မြို့ လမ်းဘေး ဝဲ/ ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ကျောက်တော်မြို့ မဟာကံကြီးသျှင် ဘုရားကြီးဝင်းအတွင်းရှိ လေဘေးသင့်ပြည်သူများ၊ပရဟိတ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် သောက်ရေသန့်များ ပေးဝေခြင်းနှင့် ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆိုပါဘုရားကြီးရှိ ကျောင်းထိုင်ဆရာတော်အား ဆန်၊ ဆီ၊ ပဲ၊ ဆားများ ဆက်ကပ်လှူဒါန်းသည်။

ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် စစ်တွေမြို့ ရေချမ်းပြင် ကျေးရွာ ကားလမ်းတစ်လျှောက်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မယ်ဇလီကုန်းကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ မောင်တောမြို့နယ်သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် အင်းဒင်ကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင် များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍ နယ်မြေခံကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းကာ ကျား၊ မသောက်ကျေးရွာမှ ဒေသခံ ပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment