Saturday, June 17, 2023

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက်ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၁၆

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင်ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် ဒပြုချောင်းကျေးရွာအုပ်စု ဒပြုချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးကြပြီး မုန်တိုင်းဒဏ်သင့်ကျေးရွာအုပ်စုငါးအုပ်စုတို့မှ ဒေသခံပြည်သူများနှင့် ကျေးရွာ ကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများပေး အပ်ခဲ့သည်။ထို့ပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖ များနှင့် တွေ့ဆုံ၍ မုန်တိုင်းသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ်အောင်သူဦးနှင့် တာဝန်ရှိသူများသည် မဟာကကြီးသျှင် ဘုရားကြီးပရိဝုဏ်အတွင်းရှိ မေတ္တာဥယျာဉ်ပညာဒါနပရဟိတကျောင်း ဆရာတော် မဟာပရဟိတဓရ ဘဒ္ဒန္တနန္ဒာစာရ အား သွားရောက်ဖူးမြော်ပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များနှင့် အခြားလှူဖွယ်ပစ္စည်းများကိုဆက်ကပ် လှူဒါန်း​​​ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်



No comments:

Post a Comment