Tuesday, June 20, 2023

ဒုတိယစာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဇွန် ၁၉

ဒုတိယစာရင်းစစ်မှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ သင်တန်းသားများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယစာရင်းစစ်ချုပ်က သင်တန်းတွင် လိုက်နာကျင့်သုံးရမည့် စစ်ဆေးရေးနည်းလမ်း၊ သတ်မှတ်ပုံစံများကို သိရှိနားလည်စေရေး အဓိကထား လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှလေ့ကျင့် သင်ကြားမှုများကို အလေးထားသင်ယူပြီး လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြု ဆောင်ရွက်ကြစေလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရိုးသားမှုကို အရင်းခံပြီး ပြည်သူ့အကျိုး ဦးထိပ်ထား၍ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာသည့် စာရင်းစစ်ဝန်ထမ်းကောင်းဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း နေပြည်တော်ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ သင်တန်းသား ၆၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာရင်းစစ်ရုံးများမှ သင်တန်းသား ၁၂ ဦးနှင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှအွန်လိုင်းဖြင့် တက်ရောက်သည့် သင်တန်းသား ၃၁ ဦး စုစုပေါင်း သင်တန်းသား ၁၁၂ ဦးတို့ကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဇွန် ၁၉ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ဘာသာရပ်ခြောက်ခုဖြင့် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment