မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုများကို မြို့နယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြသည်။ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးက အဓိကဖြစ်သည့်အလျောက် အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်များ မွေးမြူထုတ်လုပ်နိုင်ရန် တိရစ္ဆာန်အစာပင်စိုက်ပျိုးထုတ်လုပ်မှုက အရေးပါသည်။ တိရစ္ဆာန်အစာပင်များ အမြောက်အမြား ပိုလျှံစွာစိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည့် အခွင့်အလမ်းများလည်းရှိနေရာ မွေးမြူရေးတိရစ္ဆာန်များ အာဟာရပြည့် ကျွေးမွေးနိုင်ရန်နှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် သဘာဝအလျောက် ပေါက်ရောက်သည့် ဒေသမြက်မျိုးများမှာ အသားဓာတ်နှင့် အာဟာရများပါဝင်မှု နည်းပါးခြင်းကြောင့် မွေးမြူရေးတိရစ္ဆာန်များ ကြီးထွားနှုန်း၊ နို့ထွက်နှုန်းတို့ကိုလည်း လျော့နည်းစေသည်။ သမားရိုးကျ ကျွေးမွေးသည့် တိရစ္ဆာန်အစာများဖြစ်သော ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ် အစရှိသည့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများမှာ မွေးမြူရေးလုပ်ငန်းများအတွက် အလုံအလောက်ရရှိရေး အခက်အခဲရှိသကဲ့သို့ ကုန်ကျစရိတ်လည်း များပြားခြင်းကြောင့် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော တိရစ္ဆာန်အစာပင် မြက်မျိုးများကို ပြည်ပမှ တင်သွင်းစိုက်ပျိုးလာခဲ့သည်။ တိရစ္ဆာန်အစာပင် မြက်မျိုးများဖြစ်သည့် နေပီယာ (Napier) နှင့် မွန်ဘား ဆား(Mombasa) တို့ကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ၁၅၇ ဒသမ ၄၁၂ ဧက၊ အခြားဌာနများက ဧက ၁၆၅ ဒသမ ၇၄၀ နှင့် ပုဂ္ဂလိက ကဏ္ဍက ၂၂၅၆ ဧက စုစုပေါင်း ၂၅၇၉ ဒသမ ၃၇၇ ဧက စိုက်ပျိုးခဲ့သည်။
အာဖရိကဒေသမျိုးရင်းဖြစ်သော နေပီယာမြက်သည် ကြံပင်၊ ပြောင်းပင်အရွယ် မြက်အကြီးစားမျိုးဖြစ်ပြီး အပူပိုင်းတွင် ပေါက်ရောက်နိုင်သည်။ ရေနှင့် မြေဩဇာလိုအပ်မှုနည်းပါးပြီး သာမန်အားဖြင့် စိုက်ပျိုးရေးမဖြစ်ထွန်းနိုင်သော မြေမျိုးတွင် လည်း ပေါက်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းတွင် သွင်းရေအနည်းငယ်ရပါက စိုက်ပျိုးနိုင်သော မြက်မျိုးဖြစ်သည်။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ငါး စသည့် မွေးမြူရေး တိရစ္ဆာန်များကို ကျွေးမွေးရာတွင် သာမန်မြက်များက အသားဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်းခန့်သာရှိပြီး နေပီယာမြက်က အသားဓာတ်ပါဝင်မှု ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိပါရှိရာ အာဟာရပြည့်ဝသည်နှင့်အမျှ တိရစ္ဆာန်များ၏ ကြီးထွားနှုန်းကိုလည်း နှစ်ဆ - သုံးဆ ပိုမိုမြန်ဆန်စေသည်။ နို့စားနွားများ နို့ထွက်နှုန်း ပိုမိုကောင်းမွန်ပြီး ခိုင်းနွားများနှင့် အခြားနွားများကို ပိုမိုဖွံ့ဖြိုးစေသည်။ နေပီယာတစ်ဧကသည် နွားဆိုလျှင် အကောင် ၂၀၊ ဆိတ်ဆိုလျှင် ၆၅ ကောင်ကို တစ်နှစ်ပတ်လုံး ကျွေးမွေးနိုင်ပြီး တစ်ခါစိုက်ပျိုးထားပါက ခုနစ်နှစ်ခန့် ရိတ်သိမ်းကျွေးမွေးနိုင် သည်။ မွန်ဘားဆားမြက်မျိုးသည်လည်း ရာသီမရွေး၊ မြေမရွေး ဖြစ်ထွန်းနိုင်သည့် အကြမ်းခံသော မြက်မျိုးဖြစ်သည်။ မြန်မာနိုင်ငံ ဒေသများစွာတွင် ဖြစ်ထွန်းသော မြက်မျိုးဖြစ်ပြီး အသားဓာတ်ပါဝင်မှုမှာ စိုက်ပျိုးသည့် မြေညံ့မြေကောင်းအပေါ်မူတည်၍ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိရှိရာ နေပီယာမြက်နီးနီးပင် ဖြစ်သည်။ တိရစ္ဆာန်အစာပင်မြက်မျိုး အများအပြားရှိရာ စနစ်တကျ စိုက်ပျိုးထုတ်လုပ်ကြခြင်းအားဖြင့် မွေးမြူရေးကဏ္ဍ တိုးတက်မှုကို ကောင်းစွာအထောက်အကူပြုနိုင်ပြီး တိရစ္ဆာန်အစာဈေးကွက်လည်း ဖွံ့ဖြိုးလာနိုင်သည်။
နိုင်ငံ့စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရ မည်ဖြစ်သကဲ့သို့ ကမ္ဘာ့ဈေးကွက်တွင် စားသောက်ကုန်ပစ္စည်းများ အဓိကထုတ်လုပ်သည့် နိုင်ငံဖြစ်လာစေရေးအတွက်ဆိုပါက ဒေသတွင်း နိုင်ငံများနှင့်အပြိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုလုပ်ငန်းများ ထူထောင်ရေးတို့ကို ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်သည်။ အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည်ဖြစ်ရာ တိရစ္ဆာန်အစားအစာများ တိုးတက်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် မွေးမြူရေးလုပ်ငန်းများကို အထောက်အပံ့ကောင်းများ ပံ့ပိုးဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment