Friday, June 23, 2023

ဖွံ့ဖြိုးတိုးတက်မှုကို မူပိုင်ခွင့်ဖြင့်ကာကွယ်

မူပိုင်ခွင့်ဟူသည် နိုင်ငံတစ်နိုင်ငံရှိ အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ပေးသည်။ မူပိုင်ခွင့်ဆိုသည်မှာ မည်သူသည် ထိုအရာအား အမှန်တကယ်ဖန်တီးသည်ဟု မှန်ကန်စွာအဆုံးအဖြတ်ပေးသည်။ မူပိုင်ခွင့်သည် ဥပဒေတစ်ခုဖြစ်ပြီး ဖန်တီးသူအတွက် ၎င်းဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ဝင်ငွေရရှိမှုလွယ်ကူသည်။ မူပိုင်ခွင့်ရှိမှသာ ဖန်တီးထုတ်လုပ်သူ အတွက် အခွင့်အရေးများပိုင်ဆိုင်နိုင်သည်။

အကြောင်းအရာတစ်ခုကို ပိုင်ရှင်၏ခွင့်ပြုချက်ရမှသာလျှင် ၎င်း၏လက်ရာကို ကူးယူနိုင်သည် သို့မဟုတ် တုပပြုလုပ်နိုင်သည်။ တစ်ဦးတစ်ယောက်သည် မူပိုင်ခွင့်ဥပဒေဖြင့် ကာကွယ်ထားသော လက်ရာတစ်ခုကို ပိုင်ရှင်မသိအောင် တိုက်ရိုက်ရယူလျှင်၊ တုပပြုလုပ်လျှင် ၎င်းအား ပုံမှန်အားဖြင့် ဒဏ်တပ်ခြင်းကဲ့သို့သော ဥပဒေဖြင့်ဆုံးမနိုင်သည်။ အခြားအရေးကြီးသည့် ပြဿနာများတွင် လူတစ်ဦးသည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသောလက်ရာအား ကူးယူတုပပြုလုပ်လျှင် ဖမ်းဆီးအရေးယူခံရပြီး ပြစ်ဒဏ်တစ်မျိုးမျိုးကျခံရမည်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် မူပိုင်ခွင့်အကာအကွယ်ကြောင့် အကျိုးအမြတ်များ ထိထိရောက်ရောက်ရရှိနိုင်သဖြင့် ဆန်းသစ်သည့် တီထွင်ဖန်တီးမှုများကို အဆက်မပြတ်ပြုလုပ်လျက်ရှိရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပိုင်ဆိုင်နေကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့်ဆိုင်ရာစာချုပ်ကို လိုက်နာဆောင်ရွက်ရန်လိုပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင်လည်း ပါဝင်ဆောင်ရွက်ရန်လိုအပ်သည်။

အာဆီယံစီးပွားရေး အသိုက်အဝန်းတည်ဆောက်ရာတွင် အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ခြင်းကို အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ ဒေသတွင်း နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက်စေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အား အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်စနစ်များကို မြန်မာနိုင်ငံထက် စောစီးစွာဖော်ဆောင်ကျင့်သုံးနေကြသည်။ မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း ဥပဒေသိရှိနားလည်မှုနှင့် လိုက်နာဆောင်ရွက်ရန် အားနည်းမှုတို့ကြောင့် ကဏ္ဍအလိုက် တီထွင်ဖန်တီးလုပ်ဆောင်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်က မူပိုင်ခွင့်ဥပဒေ (၄)ရပ်ဖြစ်သည့် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ မူပိုင်ခွင့် ဥပဒေ (၄) ရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို တရားဝင်လက်ခံ၍ ဧပြီလ ၂၆ ရက်နေ့မှစတင်ဆောင်ရွက်နေပြီဖြစ်သည်။ မူပိုင်ခွင့်ဥပဒေ (၄) ရပ်အနက် ဆက်လက်ဆောင်ရွက်ရမည့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ အာဏာတည်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ မူပိုင်ခွင့်များ အကျိုးသက်ရောက်စေရန် သက်ဆိုင်ရာပညာရှင်များနှင့် ဖွဲ့စည်းဆောင်ရွက်နေသည်။

ဥပဒေအရ အာဏာတည်မှု လိုအပ်ချက်များရှိခဲ့သဖြင့် မူပိုင်ခွင့်ဖန်တီးသူများအနေဖြင့် အကျိုးခံစားခွင့်များ ဆုံးရှုံးနစ်နာခဲ့ရသလို ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုများ လျော့ပါးသွားခဲ့သည်။ ဥပမာအားဖြင့် စာပေ၊ အနုပညာ ကိုယ်ပိုင်ဖန်တီးထား မှုများနှင့်ပတ်သက်၍ တရားမဝင်ကူးယူ၊ ခိုးယူဖြန့်ချိနေမှုများကို တွေ့မြင်နေရသည်။ မျက်မှောက်ကာလတွင် နည်းပညာတိုးတက်လာမှုများနှင့်အတူ တရားမဝင်ပုံတူ ပြုလုပ်မှု၊ ဆင်တူရိုးမှားပြုလုပ်မှု၊ တိုက်ရိုက်ခိုးယူဖြန့်ချိမှုများကြောင့် အနုပညာကဏ္ဍတွင် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ရိုက်ကူးထုတ်လွှင့်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ အနုပညာရှင်များမှာ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပြီး ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် အခက်အခဲများရှိခဲ့သည်။

ထို့ကြောင့် အနုပညာဖန်တီးမှုများနှင့်ပတ်သက်၍ မူပိုင်ခွင့်ပိုင်ဆိုင်ထားသူများ၏ ထုတ်ကုန်များကို ခိုးယူ၍ သမားရိုးကျနည်းလမ်းများဖြင့်သော်လည်းကောင်း၊ အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့်သော်လည်းကောင်း ထုတ်လွှင့်ဖြန့်ချိသူများကို အနုပညာဖန်တီးမှုများအား တရားမဝင်ခိုးယူဖြန့်ချိခြင်းဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့က တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ စာပေ၊ သုခုမအနုပညာရပ်များတွင်လည်း မူပိုင်ခွင့်နှင့်ပတ်သက်၍ အသုံးပြုနိုင်ရန် သတ်မှတ်ချက်များနှင့် သက်ဆိုင်ရာဥပဒေများရှိပြီးဖြစ်၍ တုပကူးယူအသုံးပြုသူများအနေဖြင့် သတိပြုဆင်ခြင်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မူပိုင်ခွင့်ဟူသည် တီထွင်ဖန်တီးထုတ်လုပ်သူများ၏ ပိုင်ဆိုင်မှုအခွင့် အရေးတစ်ရပ်ဖြစ်ပြီး တစ်ဦးတစ်ယောက်အနေဖြင့် ၎င်းတီထွင်ဖန်တီးထုတ်လုပ်မှုများကို ကာကွယ်နိုင်ခွင့်၊ အကျိုးခံစားနိုင်ခွင့် ပြည့်ပြည့်ဝဝရရှိမှသာ ဆက်လက်တိုးတက်အောင် ဖန်တီးထုတ်လုပ်နိုင်ပြီး ၎င်းအကျိုးစီးပွားနှင့် လူ့အသိုက်အဝန်း အကျိုးစီးပွားများ ကောင်းစွာဖြစ်ထွန်းလာမည်ဖြစ်၍ သက်ဆိုင်ရာမူပိုင်ခွင့်ဥပဒေများဖြင့် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။         

No comments:

Post a Comment