Monday, June 26, 2023

လူကုန်ကူးမှုအန္တရာယ် သတိထားရှောင်ရှား တွေ့မြင်ကြားသိပါကလည်း လျင်မြန်စွာသတင်းပို့

 

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ပြစ်မှုထင်ရှားသဖြင့် တရားခံအား အလုပ်နှင့် ထောင်ဒဏ်ချမှတ်သည့်် သတင်းများ မကြာခဏဆိုသလို တွေ့ရှိနိုင်သည်။ လူကုန်ကူးမှု ကျူးလွန်သူ တို့၏ လိမ်လည်လှည့်ဖြားသည့် သဘောသဘာဝများ၊ အကျိုးအမြတ် ခေါင်းပုံဖြတ်မှုများနှင့် ပြစ်ဒဏ် ကျခံရမှုများကို အဆိုပါသတင်းများတွင် တွေ့ရှိပြီး သင်ခန်းစာများ ရယူနိုင်သည်။

လူကုန်ကူးမှုအများစုတွင် ကျူးလွန်ခံရသူရော ကျူးလွန်သူပါ အမျိုးသမီးများဖြစ်နေသည်ကို တွေ့ရ သည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူ အမျိုးသမီးကိုဖြစ်စေ၊ အမျိုးသမီးငယ်ကိုဖြစ်စေ ပြောဆို စည်းရုံးရာတွင် အမျိုးသမီးအချင်းချင်း ပြောဆိုစည်းရုံးခြင်းဖြင့် ပိုမိုယုံကြည်ခြင်း၊ ပိုမိုလွယ်ကူခြင်း တို့ကြောင့်ပင်ဖြစ်သည်။ တစ်ဖက်နိုင်ငံတွင် အလုပ်အကိုင်ကောင်းကောင်းရမည်၊ စရိတ်ငြိမ်း လစဉ် ငွေကျပ် မည်ရွေ့မည်မျှရမည်၊ နိုင်ငံခြားသားနှင့်ယူပါက ငွေကြေးအများအပြားရမည် စသည်ဖြင့် မက်လုံးပေးစည်းရုံး၍ လိမ်လည်လှည့်ဖြားခေါ်ဆောင်ကာ လူကုန်ကူးမှု ကျူးလွန်ကြပြီး ငွေကြေး အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူကြသည့်ပုံစံမှာ အထပ်ထပ်ကြမ်းနေပြီဖြစ်စေကာမူ ဤနည်းအတိုင်း ဆက်လက်ကျူးလွန်ခံနေကြရဆဲဖြစ်ရာ အမျိုးသမီးငယ်၊ ရွယ်များအား အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် စဉ်ဆက်မပြတ်ပြုလုပ်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ဖန်တီး ဖော်ဆောင်ပေးရန် လိုအပ်နေခြင်းကြောင့်ပင်ဖြစ်သည်။

လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများမှာ အလုပ်အကိုင်/ ဝင်ငွေများ မက်လုံးပြပြီး ဆွဲဆောင်ခြင်း၊ ပြည်ပအလုပ်အကိုင်ကို အကြောင်းပြ၍ ဖြားယောင်းသွေးဆောင်ခြင်း၊ အခက်အခဲ ကြုံတွေ့သူတို့အား ကယ်တင်ရှင်သဖွယ် လှည့်စားပြီး ရောင်းစားခြင်း၊ မိဘမဲ့/ ပရဟိတလုပ်ငန်း အသွင်သဏ္ဌာန်ပြု၍ လှုပ်ရှားဆောင်ရွက်ခြင်း၊ အိမ်ဖော်ပွဲစားလုပ်ငန်းအသွင်ဖြင့် လှည့်ဖြားခြင်း၊ အလှပြင်ဆင်ဗန်းပြပြီး မိန်းကလေးများစုဆောင်း၍ ရောင်းစားခြင်း၊ ရည်းစားအဖြစ်သိမ်းသွင်းပြီး နယ်စပ်သို့ အလည်အပတ်ခေါ်ဆောင်ရောင်းစားခြင်း၊ တရားဝင်လက်ထပ်ပြီး နယ်စပ်သို့ အလည်အပတ်ခေါ်၍ ရောင်းစားခြင်း၊ လူကုန်ကူးခံရဖူးသူများကလည်း တစ်ခါတစ်ရံ လူကုန်ကူးမှု ကျူးလွန်ခြင်း၊သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်ကြုံတွေ့သည့် ခိုကိုးရာမဲ့သူများအား ဖြားယောင်း၍ လူကုန်ကူးခြင်း စသည်တို့ဖြစ်ရာ အထူးသတိပြုရန် လိုအပ်ကြောင်း တာဝန်ရှိသူများ၏ သတိပေး ထားမှုတို့ကို အလေးအနက် ဂရုပြုကြရန်လိုသည်။

ယနေ့ကမ္ဘာပေါ်တွင် လူပေါင်း ၄၆ သန်းခန့် လူကုန်ကူးခံကြရပြီး နှစ်စဉ်လည်း တိုးတက်လျက် ရှိသည်ဟုဆိုသည်။ မိမိတို့နိုင်ငံသည် လူကုန်ကူးမှု ကမ္ဘာ့အဆင့်(၉)တွင်ရှိနေရာ ထိုင်း၊ တရုတ်၊ မလေးရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ လူကုန်ကူးခံရသူများက အများဆုံးဖြစ်ပြီး ပြည်တွင်း၌ လည်း ပြည့်တန်ဆာလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်းနှင့် အဓမ္မစေခိုင်းမှုတို့အတွက် လူကုန်ကူးမှုများ ကြီးထွားလာနေသည်ဟု သိရသည်။ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ပြည်ပ နိုင်ငံများသို့ ရွှေ့ပြောင်းအလုပ် အကိုင်ရှာဖွေမှု များပြားလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်ကလည်း ပိုမိုကြီးထွားလာသည်။ လူကုန်ကူးမှု ၁၀၀ လျှင် ပြည်ပသို့ လူကုန်ကူးမှု ၈၀ ဒသမ ၃၂ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းလူကုန်ကူးမှု ၁၉ ဒသမ ၆၈ ရာခိုင်နှုန်းရှိသည်။ လူကုန်ကူးခံရသူထက်ဝက်မှာ အမျိုးသမီး များနှင့် ကလေးများဖြစ်သည်။

လူကုန်ကူးမှုကို ခေတ်သစ်ကျေးကျွန်ပြုမှုအဖြစ် ရှုမြင်ကြပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာလည်း ဖြစ်နေသည်။ ဒုစရိုက်သမားတို့အဖို့ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ပြီးလျှင် လူကုန်ကူးမှုက အကျိုးအမြတ်အများဆုံးရရှိသော ဒုစရိုက်လုပ်ငန်းဖြစ်နေရာ ဆက်လက်၍ ကျူးလွန် နေကြဦးမည်သာ ဖြစ်သည်။ လူကုန်ကူးမှုသည် ကျူးလွန်ခံရသူကိုပါ စည်းရုံး၍ သိုသိပ်စွာ ကျူးလွန် ကြခြင်းကြောင့် ဖော်ထုတ်နိုင်ရန်လည်း ခက်ခဲလှပေရာ ပြည်သူလူထုက လူကုန်ကူးမှုအန္တရာယ်ကို သတိပြုရှောင်ရှားနိုင်ရေးနှင့် မိမိတို့ပတ်ဝန်းကျင်၌ တွေ့မြင်ကြားသိလာပါကလည်း သက်ဆိုင်ရာသို့ လျင်မြန်စွာ သတင်းပို့ နိုင်ရေးတို့အတွက် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:

Post a Comment