နိုင်ငံတစ်နိုင်ငံတွင် နောက်ခံအကြောင်းတရားများအရ အပြောင်းအလဲဖြစ်စေသော အကြောင်းအကျိုးအမျိုးမျိုးရှိမည်ဖြစ်သည်။ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ အရေးကြီးသည်မှာ နိုင်ငံနှင့် လူမျိုးအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် လက်တွေ့ဆောင်ရွက်ချက်များရှိရမည်ဆိုလျှင် ကောင်းမွန်သည့်ဆောက်ရွက်နေမှုများကို လက်ခံကြမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်အဝကျင့်သုံးပြီး အကောင်အထည်ဖော်နေသည်။ ဆက်လက်၍ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန်အတွက် ဦးတည်ဆောင်ရွက်နေသည်။ အဆိုပါအချက်များနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အာမခံချက်ခိုင်ခိုင်မာမာပေးထားသည်။ မြန်မာနိုင်ငံ၏ဦးတည်ချက်များသည် တိုင်းရင်းသားပြည်သူများအားလုံးလိုလားသည့် မျှော်လင့်ချက်ဆန္ဒများဖြစ်သည်။ ပြည်သူများ၏ လိုလားချက်များကို အခက်အခဲအနှောင့်အယှက်များကြားမှ မဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေသည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည်။ မျက်မှောက်ကာလတွင် နိုင်ငံရေးအရ၊ စီးပွားရေးအရ တည်ငြိမ်မှုများရရှိလာပြီး အတိုင်းအတာတစ်ခုအထိ တိုးတက်ဖြစ်ထွန်းနေသည်။ နိုင်ငံတကာဆက်ဆံရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူနှင့်အညီ နိုင်ငံအားလုံးနှင့် သင့်မြတ်စွာဆက်ဆံလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတိုင်းနှင့် မိတ်ဖက်ချစ်ကြည်ရေးကိုသာ ဦးတည်ဆောင်ရွက်သွားမည်ဟု မကြာခဏပြောကြားထားသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအများစုအနေဖြင့် မြန်မာနိုင်ငံ၏ရပ်တည်ဆောင်ရွက်နေမှုများအပေါ် နားလည်သဘောပေါက်ကြပြီး အပြုသဘောဆောင် အကောင်းမြင်စိတ်ထားဖြင့် မိတ်ဝတ်မပျက်ဆက်ဆံလျက်ရှိသည်။ သို့သော် ဒီမိုကရေစီလိုလားသော၊ လူသားချင်းစာနာထောက်ထားသော နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရက အကောင်အထည်ဖော်နေသည့် ပြည်သူများလိုလားသော၊ ပြည်သူများအကျိုးအတွက် ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေး ဆောင်ရွက်ချက်များကို မျက်ကွယ်ပြု၍ တစိုက်မတ်မတ်ဖိအားပေး၊ အကျပ်ကိုင်မှုများ ပြုလုပ်နေသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။ လတ်တလောတွင် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်(MICB)တို့ကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်းထည့်မည်ဟု ထိုင်းနိုင်ငံမှ TVS သတင်းများမှတစ်ဆင့် သတင်းများပေါ်ထွက်နေခြင်းသည် မြန်မာနိုင်ငံအား သွယ်ဝိုက်သောနည်းလမ်းဖြင့် အနှောင့်အယှက်ပေးခြင်းသဘောဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စီးပွားရေးပိတ်ဆို့မှုများအား အစဉ်အဆက်ဆောင်ရွက်ခဲ့သည်။ စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိသော်လည်း ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်နှင့်အညီ ပိတ်ဆို့ဟန့်တားမှုများကို ပြည်တွင်းအားဖြင့်ပင် ကျော်လွှားနိုင်ခဲ့သည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့သည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးနေသည်။ နိုင်ငံပိုင်ဘဏ်များအနေဖြင့်လည်း အလားတူစနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဘဏ်များသည် အမေရိကန်အခြေစိုက်ဘဏ်များ၊ ဘဏ်ခွဲများနှင့် နိုင်ငံခြားငွေစာရင်းဖွင့် ဆောင်ရွက်ထားခြင်းမရှိပေ။ ထို့ကြောင့် နိုင်ငံခြားငွေကြေးများနှင့်ပတ်သက်၍ ဆုံးရှုံးမှုမရှိနိုင်။ နိုင်ငံခြားငွေဖြင့် ကုန်သွယ်ငွေပေးချေမှု၊ ဝန်ဆောင်မှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံခြားငွေနှင့်ဆက်စပ်သည့် မိဘပြည်သူများအနေဖြင့် ယခုပေါ်ထွက် လာသောတရားမဝင်သတင်းများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြ ပူပန်ဖွယ်ရာမရှိဟု ဆိုချင်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်တစ်ခုတည်းဖြင့် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်း၌ ဝန်ဆောင်မှုပေးနေသည့် ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များနှင့် ဘဏ်ခွဲများအားလုံးက မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနေသည်။ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသုံးငွေလွှဲပြောင်းခြင်း၊ ပေးပို့လက်ခံခြင်း၊ ပို့ကုန်သွင်းကုန်ပြုလုပ်ခြင်း၊ အလုပ်သမားများ၊ သင်္ဘောသားလုပ်ခလစာလွှဲပို့ခြင်းကိစ္စများကို အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြည်သူများလိုလားသည့် စစ်မှန်သောဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျက်ရှိပြီး နိုင်ငံရေးအရ၊ စီးပွားရေးအရ တိုးတက်မှုရလဒ်ကောင်းများရှိနေပြီဖြစ်ရာ နိုင်ငံပျက်စီးရာပျက်စီးကြောင်း နှောင့်ယှက်ဟန့်တားမှုများအား ဖယ်ရှားကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment