လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးတွင် နေ့စဉ်မဖြစ်မနေ စားသောက်နေကြရသည့် အစားအစာများ ဘေးကင်းလုံခြုံရေးကလည်း အရေးကြီးသည်။ ဘေးကင်းလုံခြုံသည့် အစား အစာဆိုသည်မှာ ဇီဝအန္တရာယ်၊ ဓာတုအန္တရာယ်၊ ရူပအန္တရာယ်များကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အစားအစာများပင်ဖြစ်သည်။ အစားအစာများ ဘေးကင်းလုံခြုံရေးကို နိုင်ငံတိုင်းက အလေးထားကြပြီး မိမိတို့နိုင်ငံသို့ ပြည်ပနိုင်ငံများမှ တင်သွင်းလာသော အစားအစာများ ဘေးကင်းလုံခြုံမှုရှိစေရန် သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများ ပြဋ္ဌာန်းထားပြီး စဉ်ဆက်မပြတ် စစ်ဆေးမှုများ ပြုလုပ်ကြသည်။
အစားအစာကြောင့် ဘေးအန္တရာယ်ဖြစ်ပေါ်ကြရာတွင် လတ်ဆတ်မှုမရှိခြင်း၊ သက်တမ်းလွန်နေခြင်း၊ အစားအစာတွင်ပါဝင်နေသည့် ပစ္စည်းတစ်ခုခုကြောင့် ဓာတ်မတည့်ခြင်း၊ မှိုနှင့် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များပါဝင်နေခြင်း၊ ဓာတ်ဆေး၊ ဆိုးဆေး၊ ပဋိဇီဝဆေးနှင့် ဖြည့်စွက်ဆေးများ၊ တာရှည်ခံဆေးများနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်နေခြင်း၊ အစားအစာထဲတွင် ပြင်ပအရာဝတ္ထုများ (ချိတ်၊ အပ်၊ ဖန်ကွဲစ၊ ဖုန်၊ အမှိုက်၊ ပိုးဟပ် စသည်ဖြင့်) ပါဝင်နေခြင်း စသည်တို့ကြောင့် စားသုံးသူတွင် မူးဝေ၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို လတ်တလောခံစားကြရသလို ရေရှည်တွင် ကင်ဆာသကဲ့သို့သော နာတာရှည်ရောဂါများကိုပါ ဖြစ်စေနိုင်သည်။
အစားအစာများဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက်ရာတွင် စတင်ထုတ်လုပ်သည့်နေရာမှသည် စားသုံးသူ၏ စားပွဲပေါ်ရောက်သည်အထိ ကွင်းဆက်တစ်လျှောက်လုံးတွင် အလေ့အကျင့်ကောင်းများဖြင့် ကောင်းမွန်စွာ ထိန်းသိမ်း လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် အခြားစိုက်ပျိုးရေးဆေးဝါး သုံးစွဲမှုများကို ဘေးအန္တရာယ်မဖြစ်အောင် သတ်မှတ်ချက်များနှင့်အညီ သုံးစွဲခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း၊ ရောင်းချခြင်း အဆင့်ဆင့်တို့တွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသား၊ ငါး စသည့်မွေးမြူရေးထွက်ကုန်များတွင်လည်း ကူးစက်ရောဂါများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းသော သားငါးများဖြစ်စေရန် လိုအပ်သည်။ ရောဂါတစ်စုံတစ်ရာဖြစ်ပေါ်သည့် တိရစ္ဆာန်များကို အသားပေါ်ပြီး တရားမဝင်ရောင်းချခြင်းဖြင့် ဝယ်ယူစားသောက်မိသူအဖို့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကျရောက်နိုင်သည်။
အသင့်စား ရောင်းချသည့် စားသောက်ကုန်များတွင် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်သည့် ရက်စွဲ၊ ပါဝင်သည့် ပစ္စည်းများနှင့် အလေးချိန်ပမာဏများ၊ ဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များ၊ ထုတ်လုပ်သူလိပ်စာ၊ သုံးစွဲမှုအညွှန်းများ စသည်ဖြင့် အတိအကျဖော်ပြထားရသော်လည်း စားသောက်ဆိုင်ကြီးများနှင့် လမ်းဘေးဆိုင်များတွင်မူ သားငါး၊ ဟင်းသီးဟင်းရွက်ကုန်ကြမ်းများ၊ အိုးခွက်၊ စဉ်းတီတုံး၊ ဓား၊ ပန်းကန်၊ ဇွန်း စသည့် အသုံးအဆောင်များ၊ ပြင်ဆင်ချက်ပြုတ်သူ၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် စဉ်ဆက်မပြတ် စစ်ဆေးနိုင်ရန်မှာ သက်ဆိုင်ရာဌာနများအဖို့ ခက်ခဲမည်ဖြစ်သည်။
အစားအစာများ ဘေးကင်းလုံခြုံရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့တွင် စားသောက်ကုန်ထုတ်လုပ်သူများ၊ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူများအနေဖြင့် မိမိတို့ ကိုယ်တိုင်စားသုံးမည့် အစားအစာကဲ့သို့ စေတနာထားကာ အထူး ဂရုပြုဆောင်ရွက်ကြရန်လိုသည်။ ဤသည်မှာ ကျင့်ဝတ်တစ်ခုဖြစ်သလို စေတနာအကျိုးပေးဆိုသည့်အတိုင်း ကောင်းသည့် အကျိုးရလဒ်များ ပြန်လည်ရရှိမည်သာဖြစ်သည်။ စားသုံးသူများအနေဖြင့်မူ အစားအစာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများရှိထားကြပြီး ရှောင်ကြဉ်သင့်သည်တို့ကို ရှောင်ကြဉ်ကြကာ လုံခြုံဘေးကင်းသန့်ရှင်းကျန်းမာစေသည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်
No comments:
Post a Comment