မြို့နယ်အချို့တို့တွင် အပတ်စဉ် ပလတ်စတစ်အိတ်မသုံးစွဲရနေ့ သတ်မှတ်၍ အသိပညာပေးမှုများ ပြုလုပ်နေကြသည်။ အထူးသဖြင့် ဈေးများတွင် သားငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက် ဖွယ်ရာများ စသည်တို့ ရောင်းချရာတွင် အရပ်ခေါ်ကြွပ်ကြွပ်အိတ် (တစ်ခါသုံးပလတ်စတစ်အိတ်)များဖြင့် ထုပ်ပိုးထည့်သွင်းပေးမည့် အစား ငှက်ပျောဖက်၊ ကြာဖက်၊ အင်ဖက်၊ စက္ကူ စသည်တို့ အစားထိုးသုံးစွဲရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
စွန့်ပစ်ပလတ်စတစ်အမှိုက်များ၏ အန္တရာယ်ကြီးမားမှုကို သတိပြုမိလာကြပြီးနောက် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်မှစကာ ကမ္ဘာ့နိုင်ငံများစွာတို့တွင် တစ်ခါသုံးပလတ်စတစ် ထုပ်ပိုးပစ္စည်းများ လုံးဝပိတ်ပင်မှု၊ တစ်စိတ်တစ်ပိုင်းပိတ်ပင်မှု၊ အခွန်တိုးမြှင့်ကောက်ခံကန့်သတ်မှုများ ပြုလုပ်လာခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းလုံးက တစ်မိနစ်တိုင်းတွင် ပလတ်စတစ်အိတ် တစ်သန်း သုံးစွဲနေကြပြီး တစ်နှစ်လျှင် ပလတ်စတစ်အိတ်ပေါင်း ၅၀၀ ဘီလီယံမှ ၁ ထရီလီယံအထိ သုံးစွဲစွန့်ပစ်နေကြခြင်းဖြစ်သည်။ စွန့်ပစ်ပလတ်စတစ်၏ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ပြန်လည် ထုတ်လုပ်သုံးစွဲနိုင်ကြပြီး အများစုမှာ ပလတ်စတစ်အမှိုက်များ အဖြစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းနေစေသည့်အတွက် ကမ္ဘာတစ်ဝန်းလုံးတွင် ပလတ်စတစ်အမှိုက်ပြဿနာကို အလေးအနက်ထား ဆောင်ရွက်လာကြခြင်းလည်းဖြစ်သည်။
တောင်စွန်ဖက်၊ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ စက္ကူ စသည့်ထုပ်ပိုးပစ္စည်းများကို အသုံးပြု၍ သားငါး၊ ဟင်းသီး ဟင်းရွက်များ၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်စသည့် စားသောက်ဖွယ်ရာများကို ထုပ်ပိုးပေးခြင်း၊ ဈေးသွားရာတွင် ဈေးဆွဲခြင်း၊ ချိုင့်စသည့်ထည့်စရာများ ယူဆောင်သွားခြင်း စသည်တို့မှာ ကြွပ်ကြွပ်အိတ်များ မသုံးစွဲခဲ့ကြသည့်ကာလက ဈေးရောင်းသူ၊ ဈေးဝယ်သူတို့၏ အစဉ်အလာဓလေ့များပင် ဖြစ်သည်။ တစ်ခါသုံး ပလတ်စတစ်အိတ်များ သုံးစွဲခြင်းမရှိခဲ့ သဖြင့် အကျည်းတန်သော ပလတ်စတစ်အမှိုက်များ စုပုံနေခြင်း၊ လေလွင့်နေခြင်း၊ ရေမြောင်းများတွင် ပိတ်ဆို့နေခြင်းတို့လည်း ကင်းစင်သည်။ ပူသည့်စားသောက်ဖွယ်ရာများကို ပလတ်စတစ် အိတ်များတွင် ထည့်သွင်းရောင်းချခြင်းကလည်း စားသုံးသူတို့အတွက် အန္တရာယ်ကြီးသည်။ အပူကြောင့် ပလတ်စတစ်မှ ဓာတ်ပြု၍ထွက်လာသည့် ဓာတုပစ္စည်းက ကင်ဆာ၊ ကျောက်ကပ် စသည်ဖြင့် လူတို့ကျန်းမာရေးကို ရေရှည်တွင် ထိခိုက်နိုင်သည်ဟု ပညာရှင်တို့က သတိပေးနေကြသည်ကိုလည်း ဂရုပြုမိကြဖို့ လိုသည်။
ပလတ်စတစ်မသုံးစွဲရေး အသိပညာပေးမှုနှင့် တစ်ပတ်လျှင် တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် သတ်မှတ်ကာ ပလတ် စတစ်အိတ်မသုံးစွဲရေး စစ်ဆေးဆောင်ရွက်မှုတို့က ရေရှည်တွင် ဥပဒေပြဋ္ဌာန်း၍ ပိတ်ပင်တားဆီးမှု၊ တစ်ခါသုံး ပလတ်စတစ် ပစ္စည်းများ၊ ကုန်ကြမ်းများတင်သွင်းမှု၊ ထုတ်လုပ်မှု၊ သုံးစွဲမှု၊ စွန့်ပစ်မှုတို့အတွက် အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနည်းတူ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း ပလတ်စတစ်အစားထိုး ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်သုံးစွဲ ရေးအတွက် အားပေးဆောင်ရွက်သွားရန်လည်း လိုအပ်သည်။ သယံဇာတအရင်းအမြစ်များကို ဖြုန်းတီးရာရောက်သည့် တစ်ခါသုံးပစ္စည်းများ သုံးစွဲကြသည့် အလေ့အထများကိုလည်း ပြုပြင်ပြောင်းလဲသွားကြရမည် ဖြစ်သည်။
ပလတ်စတစ်အမှိုက်များကို စည်းကမ်းမဲ့စွာ စွန့်ပစ်နေကြသောကြောင့် နိုင်ငံ၏ အဓိကကျောရိုးကြီးသဖွယ်ဖြစ်သော ဧရာဝတီမြစ်ကြီးသည် ညစ်ညမ်းစာရင်းဝင် မြစ်ကြီးဖြစ်နေပြီး မြစ်ဝကျွန်းပေါ်ဒေသနှင့် ကမ်းရိုးတန်းဒေသများသည်လည်း ကောင်း၊ အဏ္ဏဝါရေပြင်တို့တွင်လည်းကောင်း ပလတ်စတစ် ညစ်ညမ်းမှုများ ဖြစ်ပေါ်နေပြီဖြစ်သည်။ သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့်အတူ ထုတ်လုပ်မှုလျှော့ချရေး၊ တစ်ခါသုံး ပလတ်စတစ်အစားထိုး ထုပ်ပိုးပစ္စည်းများ ပြောင်းလဲထုတ်လုပ် ရေးတို့ကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ကို ကျေပွန်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment