နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံလွှင့်တင်၍ နိုင်ငံတော်သီချင်းသံ ပျံ့လွင့်ကာ အများသူငါ ဂုဏ်ပြုလေးစားတန်ဖိုးထားရသည့် ဂုဏ်အင် တစ်ရပ်ကို အားကစားကဏ္ဍအောင်မြင်မှုများမှ စွမ်းဆောင်ပေးနေပြီဖြစ်သည်။ အားကစားသည် ကျန်းမာသန်စွမ်းမှုနှင့် စိတ်ရွှင်လန်းချမ်းမြေ့မှုကို ဖြစ်စေသည်သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်သည့် အမျိုးသားရေးတာဝန်အဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။
လတ်တလောတွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ(ဖိတ်ခေါ်) ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတို့ တွင် မြန်မာအားကစားအဖွဲ့များက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည်ကို တွေ့ရပေသည်။ နိုင်ငံတော်အနေဖြင့် လည်းကောင်း၊ ပြည်သူများအနေဖြင့်လည်းကောင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသကဲ့သို့ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးခဲ့ကြသည့် မြန်မာအားကစားသမားများအား ဂုဏ်ပြုချီးမြှောက်ကြရမည်ဖြစ်သည်။
“အားကစားလှုပ်ရှားမှုသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ အောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခြင်းပင်ဖြစ်ပါကြောင်း၊ အားကစားသည် ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်အပေါ်တွင် အရှိန်အဝါနှင့်အနေအထားအရပါ မြင့်မား လာသည့်အတွက် ကျန်းမာရေးသက်သက်၊ အားကစားသက်သက်အဆင့်သာမက နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးသည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြောင်းလဲလာခဲ့ပြီ” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာအားကစား အဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အားကစားသမိုင်းတွင် အတိတ်တစ်ချိန်က ရွှေရောင်လွှမ်းသည့် အားကစားတစ်ခေတ် ပေါ်ထွန်းခဲ့သည်။ အားကစားဖြင့် နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ထည်ခဲ့ပြီး မြန်မာတစ်မျိုးသားလုံးလည်း ဝမ်းမြောက်ဂုဏ်ယူ ပျော်ရွှင် မဆုံးဖြစ်ခဲ့သည်။ မြန်မာအားကစားသည် မြန်မာပြည်တစ်ဝန်းတွင်သာမက နိုင်ငံ အများအလယ်တွင်ပါ လွင့်ပျံ့ခဲ့သည်။ တစ်ခေတ်တွင်တစ်ခါ စစ်စစ်ပေါက်ပေါက် ထူးချွန်အစွမ်းရောက်သည့် အားကစားလက်ရွေးစင်များ ပေါ်ထွက်ခဲ့သလို ထိရောက်သည့် စွမ်းပကားများဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်သည့် ဆုတံဆိပ်အမြောက်အမြားလည်း ဆွတ်ခူးရရှိခဲ့သည်။
ထို့နောက်တစ်ဖန် မြန်မာအားကစားကဏ္ဍမှာ တဖြည်းဖြည်း မှေးမှိန်ခဲ့ရာ အောင်မြင်မှုနှင့် နိုင်ငံ့ဂုဏ်တက်မှု လျော့နည်းခဲ့သည်။ ယခုအခါတွင် နိုင်ငံတော် အကြီးအကဲက အားကစားကို မြတ်နိုးတန်ဖိုးထား စိတ်ဝင်စားသလို မြန်မာ့အားကစားလောကကိုလည်း တစ်ဖန်ဆန်းသစ်၍ ပြန်လည်မြင့်တက်အောင် အားပေး မြှင့်တင် ဖြည့်ဆည်းပေးသည့်နည်းတူ သက်ဆိုင်ရာဝန်ကြီးဌာန၊ အားကစားနည်း အမျိုးမျိုးဆိုင်ရာ အဖွဲ့ချုပ်များနှင့် အားကစားကို အလေးထားပြီး အစွမ်းကုန်ယှဉ်ပြိုင် ကြသည့် အားကစားသမားအားလုံးတို့၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် မြန်မာ့ အားကစားသည် တစ်ခေတ်ဆန်းသစ် တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုအလီလီ ရရှိဆွတ်ခူးနိုင်ခဲ့သည်ကို တွေ့ရပြီဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရာ၌ မြန်မာနိုင်ငံ၏ ရှိသည့်အင်အား နိုင်သည့်အခြေအနေများနှင့် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ယှဉ်ပြိုင်နိုင်မှုပမာဏနှင့်အင်အားအရ အောင်မြင်မှုများ ပြည့်ပြည့်ဝဝရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အားကစားသမားဦးရေ အနည်းငယ်ဖြစ်သော်လည်း ပြိုင်ပွဲဝင် အားကစားအမျိုးအစားတိုင်းတွင် ဆုတံဆိပ်များစွာ ဆွတ်ခူးပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ရသော အားကစားနည်းအရေအတွက်နှင့် ယှဉ်ပြိုင်မှုပမာဏကို အပြည့်အဝအသုံးချနိုင်သည့်အခါ မြန်မာနိုင်ငံ၏ အားကစား ကဏ္ဍအောင်မြင်မှုသည် ထိပ်ဆုံးနေရာသို့ ရောက်ရှိနေရာယူနိုင်မည်ဟု ယုံကြည်ပါသည်။
မျက်မှောက်ကာလတွင် နိုင်ငံတကာအလယ်၌ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိနှိပ်ပစ်ပယ်ရန် ကြံစည်လုပ်ကိုင်နေသောအချိန်တွင် ယခုကဲ့သို့ နိုင်ငံတကာ အားကစားပြိုင်ပွဲများ၌ အောင်မြင်မှုများရရှိခြင်းသည် နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာ နိုင်ငံတကာအလယ်တွင် နှိမ့်ချခံရခြင်းမဖြစ်စေဘဲ မြင့်မားမော်ကြွားဖြစ်စေခဲ့ရာ အားကစားကဏ္ဍဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်အပေါ်တွင် အရှိန်အဝါနှင့်အနေအထား မြင့်မားလာသည့်အတွက် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စွမ်းဆောင်နိုင်ကြပြီဟု ဆိုရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment