Saturday, June 17, 2023

“မိုခါ” မုန်တိုင်းဒဏ်သင့်ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၆)

(အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)

ရခိုင်ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ

စစ်တွေမြို့တွင်ရောက်ရှိနေခိုက် ရခိုင်ပြည်နယ်၏အားကစားလှုပ်ရှား ဆောင်ရွက်မှုများနှင့်ပတ်သက်၍ စိတ်ဝင် စားစရာကောင်းသည်များ တွေ့လာရသည်။ မိုခါမုန်တိုင်းဒဏ်သင့်သည်၊ မသင့်သည် အပထား၊ မန္တလေးတွင်ကျင်းပနေသည့် U-19 အမျိုးသားဘောလုံးပြိုင်ပွဲ မှာစိတ်ဓာတ်ကောင်းစွာဝင်ရောက် ယှဉ်ပြိုင်နေသည်ကတော့ချီးကျူးစရာ ကောင်းနေသည်။ ဇွန်လ၈ရက်နေ့မှ ၂၈ ရက်နေ့အထိယှဉ်ပြိုင်ကြမည်။ လာမည့်ဇူလိုင်လထဲတွင် နေပြည်တော်၌ကျင်းပပြုလုပ်မည့် ဖူဆယ်ပြိုင်ပွဲအတွက်လည်း ညှိနှိုင်းအစည်းအဝေးသွားရောက်တက်ရောက်ရန်ရှိကြောင်း ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေးကပြောသည်။ သူလည်းပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအားကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသည်။ သူ့ဆရာညွှန်ကြားရေးမှူး ဦးဝင်းမောင်ကလည်းဘောလုံး အားကစားသမားတစ်ဦးပင်။ သမီးခင်မေဌေးနှင့်စကားစပ်မိရင်းရခိုင် ပြည်နယ်ဇာတိဖွားနိုင်ငံ့ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားသမားညီအစ်ကို များဖြစ်ကြသော ဦးကျော်မြ၊ ဦးဝင်းမြ၊ ဦးစိုးမြ၊ ဦးရဲမြတို့ညီအစ်ကိုများ အကြောင်းပြောဖြစ်ခဲ့သည်။ တစ်ချိန်ကသတင်းစာများထဲတွင် ထိုပုဂ္ဂိုလ်များ၏နာမည်များကို ရခိုင်တိုင်းရင်းသားအသံထွက်အတိုင်း တုတ်ထောက်ခုန်အားကစားသမား ဝင်းမရ၊ စိုးမရစသည်ဖြင့် ဖော်ပြကြသည်များကိုလည်း အမှတ် ရမိသည်။မှတ်မှတ်ရရကျွန်တော် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၊ ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အတူ သွားရောက်ခဲ့သောစစ်တွေ၊ ကျောက်ဖြူ၊သံတွဲခရီးစဉ်၌မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ လည်းလိုက်ပါလာသဖြင့်အားကစားအကြောင်းများ ပြောဖြစ်ကြသေးသည်။ ဦးဝင်းမြသည် ဆရာဝန်ကြီးတစ်ဦးဖြစ် သလိုသံအမတ်ကြီးတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။




ခင်မေဌေးရေ…သမီးတို့ဆီမှာ ရခိုင်ဇာတိဖွားမြန်မာ့လက်ရွေးစင် အားကစားသမားတွေစာရင်းရှိလား၊ ရှိသလောက်ရှာလာခဲ့စမ်းပါဟုတောင်းယူလေ့လာ ကြည့်လိုက်သောအခါဝယ် ကျွန်တော်ငယ်စဉ်ကပင်ရင်းနှီးကျွမ်းဝင်နေသော နိုင်ငံကျော်အားကစားသမား များကိုတွေ့လိုက်ရပါပြီ။ ဒေါ်ခင်ပု ဆိုသောအမည်၊ ကျွန်တော်တို့သုံးတန်း၊ လေးတန်းအရွယ် ၁၉၆၉ ခုနှစ်ကျွန်းဆွယ် အားကစားပြိုင်ပွဲများတွင် မခင်ပုဆိုသောအမည်ကပြေးခုန်ပစ်အားကစားနည်း နှင့်တွဲ၍ကျော်ကြားခဲ့သည်။ လှံတံပစ် ရွှေတံဆိပ်ဆုရှင်ဖြစ်သည်။ အလျားခုန် နှင့် မီတာ ၁၀၀ တာတို အပြေးမယ်ဒေါ်မြသူဇာသည်လည်း ၁၉၇၉ ခုနှစ်က ရွှေတံဆိပ်ဆုရှင်ဖြစ်ကြောင်း၊ သူနှင့် ညီအစ်မတစ်ဝမ်းကွဲတော်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံထံမှသိရသည်။ ၁၉၇၅ ခုနှစ် အားကစားသမားကြီး များဖြစ်ကြသော ဦးခင်စိုး(မာရသွန်)နှင့် ဦးသက်ထွန်းကျော် (တုတ်ထောက်ခုန်) တို့ကိုလည်း အမည်စာရင်းထဲတွင် တွေ့လိုက်ရ၏။ သူယူလာသောစာရင်း ထဲတွင်မြန်မာ့လက်ရွေးစင်အားကစားသမား ၈၀ ၏အမည်နာမများကို ဖော်ပြထားသည်။ ထိုအထဲက ကာယ ဗလ၊ ကရာတေးဒို၊ ဂျူဒို၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ခရစ်ကက်၊ ဘတ်စကက်ဘော၊ သုံးမျိုးစုံ၊ စက်ဘီး၊ မြားပစ်၊ ဝူရှူး၊ လှေလှော်၊ သေနတ်ပစ်၊ Squash၊ ကန်ပို၊ ဂေါက်သီး၊ နပန်း၊ လက်ဝှေ့အားကစား လက်ရွေးစင်များကမူကျွန်တော်နှင့် သိပ်မရင်းနှီးပါ၊ သူ့ကာလနှင့်သူရခိုင်ပြည်နယ်၏ဂုဏ်ကို ဆောင်ခဲ့ကြသူများဟုဆိုရမည်သာ။

သို့သော် ဘောလုံးအားကစားသမား ထဲတွင်မူကျွန်တော်ငယ်စဉ်ကရင်းနှီးခဲ့သော နာမည်တစ်ခုကို ထပ်မံတွေ့ရှိ လိုက်ပြန်ပါပြီ။ ဦးမောင်မောင်ညွန့်၊ ၁၉၇၀-၇၁ အချိန်ကာလများဆီကဂိုး-မောင်မောင်ညွန့်။ မြန်မာ့လက်ရွေးစင် ဂိုးသမားများဖြစ်ကြသော ဦးခင်မောင်ထွန်း၊ ဦးတင်အောင်တို့ကစောလိမ့်မည် ထင်ပါသည်။ မာဒေးကားခေတ် လက်ရွေးစင်များဟုပြောရမည်လား မသိ။သည်ဘက်ခေတ်ကိုရောက်လာတော့ ဦးမောင်မောင်ညွန့်တို့၊ မျိုးလှိုင်ဝင်း၏ ဖခင် ဂိုး-ဦးတင်ဝင်းတို့ ပေါ်ပေါက်လာကြသည်။ မြန်မာ့ဘောလုံးလောက တဖြည်း ဖြည်းအရောင်မှိန်လာသောအခါသန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ ကြည်လွင်၊ တင်မြင့်အောင်၊စိုးမြတ်မင်း တို့နောက်ပိုင်း ဘောလုံးသမားအမည်များက ကျွန်တော့်ရင်ထဲသို့ ရောက်မလာတော့ပါ။ သို့သော် မိမိတို့ဧရာဝတီ တိုင်းဒေသကြီးလေးမျက်နှာမြို့နယ် ဇာတိဖွားမြန်မာ့လက်ရွေးစင်ဂိုးသမား မေခင်ယမင်းကိုတော့ဖြင့်သိနေပါသည်။ ကျွန်တော်တို့တိုင်းဧရာ၏ ဆောင်ပုဒ်ဖြစ်သော “ရိုးသားကြိုးစားဧရာဝတီသား” ထဲတွင် သူလည်း တစ်ယောက်အပါအဝင် ဖြစ်ကြောင်း ကြုံကြိုက်ရင်း ကြွားလိုက်ချင်ပါသေး၏။

မြေပုံကို ဂုဏ်ဆောင်သည့် နော်ထက်ထက်ဝေ

ရခိုင်ပြည်နယ်အတွက် ကျွန်တော်ဝင့်ဝင့်ကြွားကြွားဂုဏ်ပြုစကား ပြောကြားပေးလိုသော အမျိုးသမီး အားကစားသမားတစ်ဦးရှိနေပါသေးသည်။ သူကတော့မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့သော(၃၂) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ကွင်းလယ်အားကစားသမား ကျောနံပါတ် ၆ နော်ထက်ထက်ဝေ ဖြစ်သည်။သူ့အစ်မတော် ကျောနံပါတ် ၇သန်းသန်းထွေးကဲ့သို့ပင် ဘောလုံး ဖြန့်ဝေမှုရော၊ ကွင်းလယ်အဖျက်ရောတိုက်စစ်သို့လိုက်ပါကစားနိုင်မှုပါ ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သည်ကို ဗီယက်နမ်နှင့်ဖိုင်နယ်ပွဲစဉ်မှာမြင်ခဲ့ရသည်။ ဘောလုံးစကေးလည်း ကောင်းပါ သည်။ ရခိုင်ပြည်နယ် မြေပုံမြို့၌နေထိုင်လျက်ရှိပြီး နာမည်ကနော်ထက်ထက်ဝေ ဖြစ်နေရသည့် အကြောင်းကိုလည်းစိတ်ဝင်စား၍ မေးမြန်းကြည့်မိသည်။

အဘိုးက စကောကရင်တိုင်းရင်းသား၊ ထို့ကြောင့် အဖေကကရင်၊ အမေကချင်းတိုင်းရင်းသူ၊ သည့်အတွက်ကရင်နှင့်ချင်းသွေးပါနေသည့် နော်ထက်ထက်ဝေကို မွေးဖွားလာခဲ့သည်။ အထက် မြန်မာပြည်နှင့် အောက်မြန်မာပြည်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့၍ ပညာရေးဝန်ကြီးဌာန၏ YREO – FC တွင် ပါဝင်ကစားခွင့်ရခဲ့သည်။ ထိုမှU-19 လက်ရွေးစင်ဖြစ်ခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကြီးတွင် ပါဝင်ကစားနေပြီဖြစ်ကြောင်း သိရ၏။ ရခိုင်ပြည်နယ်အတွက် ဂုဏ်ယူ မိပါသည်၊ သမီး နော်ထက်ထက်ဝေ…။

လူငယ်လူရွယ်တိုင်းအတွက် လမ်းညွှန်မှာကြားချက်

ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပသည့်(၃၂) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့် ခြင်းအခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းကနေပြည်တော် ရှိဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းအခမ်းအနားတွင်မိန့်ကြားခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏အမှာစကား များထဲမှအောက်ပါအချက်နှစ်ချက်ကို ကျွန်တော်သတိပြုမှတ်သားခဲ့မိသည်-

နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံတော်အတွက်ဆုတံဆိပ်များရယူပေးနိုင်ခြင်းသည်နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးရာရောက်သည့်အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော်သီချင်းသံ လွင့်ပျံ့အောင်စွမ်းဆောင်ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် အုပ်ချုပ်သူနည်းပြများအပါအဝင် နိုင်ငံ့ ဂုဏ်ဆောင်အားကစားမောင်မယ်များအား ယခုကဲ့သို့ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း …”

နိုင်ငံတော်ပြိုင်ပွဲများတွင်ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များယခုထက်ပိုမို ရရှိပြီးနိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်းအားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိလေ့ကျင့် ယှဉ်ပြိုင်နိုင်ရေးနှင့်အရှေ့တောင် အာရှအဆင့်မှသည်အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိထိုးဖောက်နိုင်စေရေး ရည်မှန်းချက်ထားပြီး ဆက်လက် ကြိုးပမ်းအားထုတ်သွားကြရန်”

မိုခါအငွေ့အသက်တွေကြားက ထပ်ဆင့်ဂုဏ်ပြုပွဲလေးတစ်ခု

(၃၂) ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၁၉ နည်း၊ အားကစားသမား ၃၄၁ ဦး၊ အုပ်ချုပ်သူ/နည်းပြ ၁၀၄ ဦးစုစုပေါင်း ၄၄၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ ၂၁ ခု၊ ငွေ ၂၅ ခု၊ ကြေး ၆၈ ခု၊ စုစုပေါင်းဆုတံဆိပ် ၁၁၄ ခု ရယူပေးနိုင်ခဲ့သည်။ အဆိုပါ ဆုတံဆိပ်ရှင်များထဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသမီးဘောလုံးပြိုင်ပွဲ ငွေတံဆိပ် ဆုရှင် နော်ထက်ထက်ဝေ၊ 70kg နှင့် 52kgဂျူဒိုပြိုင်ပွဲများတွင် ကြေးတံဆိပ် ဆုရရှိခဲ့ကြသော မဖြိုးဆွေဇင်ကျော်နှင့် မခင်ခင်စု၊ ပိုက်ကျော်ခြင်းနှစ်ယောက် တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့ကြသော ဦးအောင်မျိုးဆွေနှင့်ဦးအောင်မျိုးနိုင်တို့လည်း အပါအဝင်ဖြစ်သည်။

အထက်ပါ အားကစားသမားငါးဦး အားထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ မိုခါမုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် စစ်တွေမြို့၌ရောက်ရှိနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားကာဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်မှတ်များ ပေးအပ်ခဲ့ကြသည်။ဆုရအားကစားသမားများထဲမှ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားများနှင့် နည်းပြများကရခိုင်ပြည်နယ်မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အလှူငွေကျပ် သိန်း ၂၀ ပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသဖြင့် မုဒိတာပွား၍ ဝမ်းမြောက်ဝမ်းသာစွာသာဓုခေါ်ဆို မိပါသည်။ သာလီစွပါ ရခိုင်ဇာတိဖွား အားကစားသမားများတို့ရေ …။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနတို့ပူးပေါင်း၍ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကျောင်းသား လူငယ်များနှင့်ထိတွေ့ကာ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဧပြီလမှဒီဇင်ဘာလ အတွင်းလူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ၈၂ ကြိမ်၊ သရုပ်ပြပွဲ/EIM အားကစားလှုပ်ရှားမှု၁၈၅ကြိမ်၊ အားကစားပစ္စည်းထောက်ပံ့မှု ၇၈ ကြိမ် ဟောပြောပို့ချ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လျာထားချက်တွင်မူ လူငယ်စကားဝိုင်းများကိုပါ ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း လေ့လာ သိရှိရသည်။

အစဉ်အလာကောင်းများနှင့်ရခိုင်အားကစား

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီးအမျိုးသမီးဘောလုံးပြိုင်ပွဲကို နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ အုပ်စုပွဲစဉ်အချို့ကို ကျွန်တော်ကြည့်ရှု ခွင့်ရခဲ့သည်။ ရခိုင်ပြည်နယ်အသင်း ၏ ပွဲစဉ်များလည်းပါ၏။ ဖိုင်နယ်သို့ တက်ရောက်လာပြီးနောက်ရှမ်းပြည် နယ်အသင်းနှင့်ဆုံသည်။ သုံးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရကာပထမဒိုင်းဆုကြီးကို ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခွင့်ရသွား ခဲ့ကြသည်။ ရိုးရိုးကားဖြင့် သယ်သွားခြင်းမျိုးမဟုတ်၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ဆုဖလားကြီးကို ချီးမြှင့်ပေးအပ်ခဲ့ပြီးငွေသားကျပ် ၂၅ သိန်းအပြင် စစ်တွေသို့ အပြန်ခရီးစဉ် အတွက်လေယာဉ်စီစဉ်ပေးခဲ့သည်။ အမျိုးသမီး ဘောလုံးအသင်း၏အိမ်အပြန်ခရီးကခမ်းနားထည်ဝါနေသလို စစ်တွေလေဆိပ်မှစ၍ ကြိုဆိုနေကြသော မြို့လူထု၏ အားပေးလက်ခုပ်သံများကလည်းဘဝဂ်သို့ညံနေပေတော့ သည်။ဘောလုံးအားကစားအမျိုးသမီး လေးများ ပျော်လိုက်မည့်ဖြစ်ခြင်း။ သူတို့ လေးများသည် ရခိုင်လူငယ်များအတွက် အတုယူအားကျစရာဖြစ်သကဲ့သို့ ရခိုင်ပြည်နယ် အားကစားလောကဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အစဉ်အလာ မှတ်တမ်းကောင်းများ ရေးထိုးခဲ့ကြ သည်ဆိုလျှင် မမှားတန်ရာ။

ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းလက်ထက် နပန်းပြိုင်ပွဲ

၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း (ယခုပြည်ထောင်စု ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန) လက်ထက်တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ပြိုင်ပွဲ အဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နပန်းအဖွဲ့များ ဖိတ်ကြားခေါ်ယူယှဉ်ပြိုင် စေခဲ့သည်။

ရခိုင်ရိုးရာကျင်ကိုင်ပွဲ၏ နည်းစနစ်ကျနမှု၊ သန်မာမှု၊ဇွဲရှိမှုတို့ကြောင့်လား တော့မသိ၊ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ကျား၊ မကျင်သန်များသည် နပန်းပြိုင်ပွဲများတွင်ကီလိုတန်း အလိုက်ရွှေ၊ ငွေ၊ကြေးဆုတံဆိပ် များစွာဆွတ်ခူးခဲ့ကြောင်းသိရသည်။ ပုဏ္ဏားကျွန်းမြို့နယ်က ဆုရသူအများ ဆုံးဖြစ်သည်။မြေပုံ၊ မင်းပြား၊ ကျောက်ဖြူတို့လည်းရကြသည်။ စစ်တွေ၊ အမ်း၊ ကျောက်တော်၊ ဂွမြို့နယ်တို့က တစ်ဦးစီပါဝင်ကြ၏။ နပန်းပြိုင်ပွဲ၏ တံခွန်စိုက်ဆုဖလားကြီးကိုမူရခိုင် ပြည်နယ်ကပင်ဆွတ်ခူးရယူသွားသည်။ ၂၀၁၇-၂၀၁၈ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး နပန်းပြိုင်ပွဲတွင်လည်း ရခိုင်ပြည်နယ်ကပင် တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးခဲ့သည်။

နပန်းပွဲအကြောင်း စဉ်းစားရင်းကရခိုင်ရိုးရာကျင်ကိုင်ပွဲကို မြင်ယောင်မိ သည်။ ရန်ကုန်၌ရှိစဉ် တိုင်းရင်းသား ကျေးရွာတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့က ဦးစီးကျင်းပသည့် ရခိုင်ရိုးရာကျင်ကိုင် ပွဲကို ကြည့်ရှုလေ့လာခွင့်ရခဲ့သည်။ ရှေးရခိုင်ဘုရင်များလက်ထက်က ကျင်ကိုင်ပွဲတွင် အနိုင်ရသော ကျင်သန် များကို ဘုရင့်ရေတပ်သားအဖြစ် ခန့်အပ် တာဝန်ပေးလေ့ရှိကြောင်း သိရ၏။

၂၀၂၃-၂၀၂၄ အားကစားနှစ်အတွက် ကြိုတင်ပြင်ဆင်

၂၀၂၃-၂၀၂၄ ခုနှစ် အားကစားနှင့် ကာယပညာဦးစီးဌာနကကျင်းပပြုလုပ် မည့်အားကစားနည်း ၂၃ နည်း၊ အားကစားပြိုင်ပွဲ ၂၅ မျိုးတွင်ရခိုင် ပြည်နယ်အနေဖြင့်အားကစားနည်း ၁၉ နည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ တင်းနစ်နှင့် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ များကို ကျင်းပပြီးစီးခဲ့ရာ ပြေးခုန်ပစ်တွင် ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုရရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် မိုခါ မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြို့နယ်အလိုက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးနေသည်။ ထိုအထဲတွင်အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထူးအလေးထား၍ ပြုပြင်စရာရှိသည်များကိုပြုပြင်၊ပြိုင်စရာရှိသည်များကိုဇွဲ၊ စိတ်ဓာတ်ခိုင်မာစွာဖြင့်သွားရောက် ယှဉ်ပြိုင်လျက်ရှိသည်။ ရခိုင်ပြည်နယ် အားကစားလောက ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပေးခြင်းသည် ရခိုင်လူငယ်ထု၏စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက် ခြင်းပင်ဖြစ်၏။ ရှေးရှေးကမြန်မာ့ လက်ရွေးစင်ကြီးများ၊ ယနေ့ခေတ် အောင်မြင်နေသောရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူမျိုးဆက်သစ်အားကစား သမားများကိုအတုယူလျက်နိုင်ငံ့ဂုဏ် ဆောင်၊ပြည်နယ်ဂုဏ်ဆောင် လူငယ်လူရွယ်များစွာ ထပ်မံပေါ်ထွက်မည်ဟု အလေးအနက်ယုံကြည်မိပါသည်။။

မြင့်စိုး(နတလ)

No comments:

Post a Comment