Saturday, June 17, 2023

မိုခါအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့ (၂)

 

ဒီလိုသဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသများအဖြစ် ကြေညာပြီး မရှေးမနှောင်းမှာပဲ မေလ ၁၈ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၃၄/၂၀၂၃ ကို ထုတ်ပြန် လိုက်ပါတယ်။



အဲဒီထုတ်ပြန်ချက်ရဲ့ အကြောင်းအရာကတော့ ကြေညာခဲ့ပြီးတဲ့ သဘာဝ ဘေးဒဏ်သင့်ဒေသများမှာပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် ဒုတိယဗိုလ်ချုပ်ကြီး သုံးဦး၊ ဗိုလ်ချုပ်သုံးဦး၊ ဗိုလ်မှူးချုပ် ၁၂ဦးပါဝင်တဲ့ တပ်မတော်အရာရှိကြီးများအဖွဲ့ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသအဖြစ် သတ်မှတ်ထားသောမြို့နယ် ၂၁မြို့နယ်သို့အဆိုပါဒေသမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနဲ့ အနီးကပ်ကူညီပံ့ပိုးပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် တာဝန်ခွဲဝေစေလွှတ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ထိုတပ်မတော် အရာရှိကြီးများရဲ့အထက်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နဲ့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းအပြင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့က အနီးကပ်ကြီးကြပ်သွားဖို့ ကိုလည်းအဆိုပါထုတ်ပြန်ချက်ထဲမှာ ပူးတွဲဖော်ပြထားပါတယ်။

အခုလိုမျိုး တပ်မတော်အရာရှိကြီး များကိုမုန်တိုင်းဒဏ်သင့်ဒေသများဆီ စေလွှတ်ခြင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရန်၊ကယ်ဆယ်ရေးပစ္စည်းများ ပြည်သူလူထုလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရန်၊ ဒေသဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့များကိုကူညီနိုင်ရန်စေလွှတ် ခဲ့ခြင်းသာဖြစ်ပါတယ်။

အလားတူအမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယ ဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနဲ့အတူ မေ၁၈ရက်နဲ့ ၁၉ရက်တို့မှာစစ်တွေ၊ရသေ့တောင်၊ ကျောက်တော်မြို့သို့သွားရောက်ကြည့်ရှု စစ်ဆေးပြီးပြန်လည်ထူထောင်ရေး ဆောင်ရွက်ရမယ့်လုပ်ငန်းများအပေါ် စီမံခန့်ခွဲမှုများ ဆောင်ရွက်ခဲ့ပါတယ်။

ထို့ပြင်မုန်တိုင်းဒဏ်ကြောင့် ၎င်းဒေသရှိတပ်ရင်း/တပ်ဖွဲ့များတွင် လည်း ထိခိုက်ပျက်စီးခဲ့မှုများ ဖြစ်ပေါ် ခဲ့ရာပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် မေ ၂၂ ရက်မှ ၂၄ ရက်အထိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ကျောက်တော်၊ မြောက်ဦး၊မင်းပြား၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့သို့လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် မေ ၂၈ ရက်မှ ၃၀ ရက် အထိစစ်တွေ၊ ကျောက်ဖြူမြို့တို့သို့လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မေ ၂၀ ရက်မှ ၂၁ ရက် အထိစစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ်တို့သို့လည်းကောင်း သွားရောက်ပြီး အဆောက်အဦထိခိုက်ပျက်စီးမှုများ ပြန်လည်ပြင်ဆင်ရေးအတွက်စီမံ ဆောင်ရွက်ခြင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံအားပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့ အစိုးရအဖွဲ့က သဘာဝဘေးဒဏ်သင့်ဒေသများရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြီးစလွယ် ဆောင်ရွက်ခြင်းမရှိဘဲ နယ်ပယ်အစုံမကျန်ရလေအောင်ထိထိရောက် ရောက် ဆောင်ရွက်နိုင်စေဖို့လုပ်ဆောင် ခဲ့တယ်ဆိုတာကိုမြင်တွေ့ရပါတယ်။

ကနဦးစာရင်းကောက်ယူရေးကဏ္ဍ

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာအရေးပါတဲ့အခန်း ကဏ္ဍတစ်ခု ရှိပါတယ်။အဲဒါကတော့ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူ ရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီရဲ့ အခန်းကဏ္ဍပါပဲ။

အဲဒီကော်မတီက သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုလျှော့ချနိုင်ရေးအစီအစဉ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နဲ့ ချက်ချင်း၊ ကာလတို၊ ကာလလတ်နဲ့ ကာလရှည်စီမံကိန်းများရေးဆွဲနိုင်ရန် တို့အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေဖို့ ရည်ရွယ်ဖွဲ့စည်းထားတာပါ။

ကော်မတီက မုန်တိုင်းဝင်ရောက် တိုက်ခတ်မယ်ဆိုပြီးသတင်းအတိအကျရရှိတဲ့မေလ ၉ရက်ကတည်းက လုပ်ငန်းစီမံချက်များရေးဆွဲပြီး ရွေ့လျားအဖွဲ့ခုနစ်ဖွဲ့နဲ့ စာရင်းပြုစုအစီရင်ခံရေးအဖွဲ့ ၁၀ဖွဲ့ကိုဖွဲ့စည်းကာ စစ်တွေ၊ ပုသိမ်၊ မကွေးနဲ့ပဲခူးမြို့တို့ကိုမုန်တိုင်းမဝင်မီ တစ်ရက်အလိုမှာရွေ့လျားအဖွဲ့ များကို စေလွှတ်ခဲ့ပါတယ်။

အဲဒီအဖွဲ့များဟာ ကောက်ယူရရှိတဲ့ အချက်အလက်များမှပညာရေး၊ ကျန်းမာရေးနှင့် သာသနိက အဆောက် အဦများအတွက်လိုအပ်တဲ့ သွပ်၊သံ၊ သစ် အရေအတွက်နဲ့ တန်ဖိုးများ စာရင်း၊ ပျက်စီးသွားတဲ့လျှပ်စစ်ဓာတ်တိုင်၊ ဆက်သွယ်ရေးတာဝါတိုင်များ စာရင်းနဲ့ သေကျေပျက်စီးသွားတဲ့တိရစ္ဆာန်များ၊ ငါးကန်၊ ပုစွန်ကန်များ ပျက်စီးမှုစာရင်း၊ အခြေခံအဆောက်အဦ၊ ပိုင်ဆိုင်မှုပစ္စည်း (ကား၊ ဆိုင်ကယ်၊စက်ဘီး စသည်ဖြင့်) ပျက်စီးမှုစာရင်းနဲ့ လယ်ယာ၊သားငါး ကဏ္ဍတို့ရဲ့ ပျက်စီးမှုစာရင်းများကိုပြုစုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ နေ့စဉ် တင်ပြခဲ့ပါတယ်။

စာရင်းကောက်ယူရေးအဖွဲ့၁၇ဖွဲ့ ဟာမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုစာရင်းများကို နှစ်ကြိမ် ကောက်ခံခဲ့ပြီး အထက်မှာဖော်ပြခဲ့တဲ့စာရင်းများက ဒုတိယအကြိမ်စနစ်တကျကောက်ခံ ရရှိသောစာရင်းများဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နဲ့တစ်ပြေးညီ တင်ပြခဲ့ကြတာပါ။

အခုဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေများကို ကဏ္ဍအလိုက်ခွဲပြီး ဖော်ပြသွားပါမယ်။

ပညာရေးကဏ္ဍအတွက် ဆောင်ရွက်မှု

နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဟာအခြေခံအုတ်မြစ်ဖြစ်တာကြောင့် အထူးပဲအရေးကြီးလှပါတယ်။ ပညာတတ်တွေပေါများမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အပံ့ ကောင်းတွေဖြစ်စေမှာပါ။

ဒီအချက်ကို နိုင်ငံတော်အကြီးအကဲများက ကောင်းစွာသဘောပေါက်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှာကြားချက်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရေး” မူဝါဒကိုအလေးထား ပြီး ချမှတ်ဆောင်ရွက်ခဲ့တာပါ။

ဒီနှစ်ဆိုရင် ဇွန်လ၁ ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်း များဖွင့်လှစ်ဖို့သတ်မှတ်ထားတာပါ။ ကလေးငယ်များပျော်ရွှင်စွာစာသင်ယူ နိုင်ရေးဆိုတာကလည်းသင်ကြားရေး လုပ်ငန်းကို အမိုးအကာအောက်မှာသာ ဆောင်ရွက်နိုင်မှဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်တိုက်ခတ်သွားချိန်မှာတော့ ပညာရေးဆိုင်ရာ အဆောက်အဦ များလည်း ပျက်စီးသွားခဲ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” တိုက်ခတ်သွားချိန်မှာ မိဘများနဲ့ ကျောင်းသားများအထူးအစိုးရိမ်ဆုံး ကိစ္စကတော့စာသင်ကျောင်းများ အချိန်မီပြန်မဖွင့်နိုင်မှာကိုပါပဲ။သူတို့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲလေ။ ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင် တွေက နည်းမှမနည်းပဲ။

ပညာရေးအဆောက်အဦတွေ ပျက်စီးမှုအရေအတွက်ကတော့ ဇွန်လ ၁၃ ရက်အထိ ကောက်ယူရရှိတဲ့ စာရင်း များအရရခိုင်ပြည်နယ်မှာမူလတန်း ကျောင်းအဆောက်အဦ ၅၉၆ လုံး၊ အလယ်တန်းကျောင်းအဆောက်အဦ ၆၄၇လုံး၊ အထက်တန်းကျောင်းအဆောက်အဦ ၂၉၅လုံး၊ အဆင့်မြင့် ပညာသင်ကျောင်းအဆောက်အဦ ကိုးလုံးဖြစ်တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာတော့ပညာရေး အဆောက်အဦစုစုပေါင်း ၂၉ လုံး ပျက်စီး သွားပါတယ်။

ဒီလိုပျက်စီးသွားတဲ့ စာသင်ကျောင်းများဟာ အနာဂတ်ခေါင်းဆောင်လောင်းများ ပညာသင်ယူရာနေရာများဖြစ်တာကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဗဟိုဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်များမှ ကြီးကြပ်ရေးအဖွဲ့များဟာ ပြည်သူလူထုနဲ့အတူလက်တွဲပြီး စာသင်ကျောင်းများပြန်လည်ပြုပြင်တည်ဆောက်မှုများကို ကျောင်းဖွင့်ချိန်အမီပြီးစီးအောင်လို့ အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်အမီ အမြန်ပြုပြင်ဆောင်ရွက်ရန်လိုအပ်တဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲ ၂၉၅ ကျောင်းကိုမြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာမြို့ပြနှင့်အခြေခံ အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းနဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်မှာဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေးကန်ထရိုက်တာအဖွဲ့ များကတာဝန်ကိုယ်စီခွဲဝေရယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ် မှုနဲ့ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်အထိ ၅၁ ရာခိုင်နှုန်းပြီးစီးခဲ့ကာ ဇွန်လ ၁၄ ရက် အရောက်မှာတော့ ၇၆ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ပါတယ်။

ဇွန်လ ၁ ရက်ရောက်ချိန်မှာ ပြင်ဆင်ဆောက်လုပ်ပြီးစီးသွားတဲ့စာသင် ကျောင်းများမှာကျောင်းသားများက ပျော်ရွှင်စွာကျောင်းတက်လာကြသလို ပြုပြင်ဆဲနေရာများမှာ ကျောင်းတက်ရမယ့်သူများကိုလည်း အမိုးအကာရှိတဲ့ ဘုန်းတော်ကြီးကျောင်းများနဲ့ အမိုး အကာရှိတဲ့အဆောက်အဦများမှာ ယာယီကျောင်းတက်နိုင်အောင် တာဝန်ရှိသူများက စီမံပေးနိုင်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ အမိုးအကာ မရှိတဲ့အပြင် စာသင်ကျောင်းကလည်း ပြင်ဆင်ဆဲ နေရာများမှာရှိတဲ့ ကျောင်းသားများအနေနဲ့အချိန်မီ ကျောင်းတက်နိုင်ရေးအတွက် တာဝန်ရှိသူများက ယာယီအဆောက်အဦများကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့ပါသေးတယ်။

ဒါကြောင့်စာသင်ကျောင်းများ ဖွင့်လှစ်နိုင်မှုရာခိုင်နှုန်းကရာနှုန်းပြည့် ရှိခဲ့တာဖြစ်ပါတယ်။ ဒီလို ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ဘယ်သူမှမထင်မှတ်ထားပါဘူး။

နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ကြိုးစားအားထုတ်မှုများကြောင့် ဇွန်လ ၁ ရက်မှာရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ တက်ရောက်သူစုစုပေါင်းလေးသိန်းကျော်အထိရှိခဲ့တာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရပါတယ်။

အခုဆိုရင် ဇွန်လ ၁၄ ရက်အထိ စာရင်းများအရ ရခိုင်ပြည်နယ်ရှိ အခြေခံပညာကျောင်းများမှာ ကျောင်းအပ်နှံမှု ပမာဏက ၄၉၂၀၁၇ ဦးအထိ ရှိလာပြီး ကျောင်းတက်ရောက်ရာခိုင်နှုန်းက ၉၉ ဒသမ ၁ ရာခိုင်နှုန်းအထိရှိတာကိုလည်း တွေ့ရပါတယ်။

မုန်တိုင်းတိုက်ချိန်နဲ့ စာသင်ကျောင်း များပြန်ဖွင့်မယ့်အချိန်ကြားမှာ ပြန်လည်ပြင်ဆင်တည်ဆောက်ရေး လုပ်ငန်းအတွက်ရတဲ့အချိန်က အလွန်ပဲတိုတောင်းလှပါတယ်။ ဒါကြောင့်လည်း ကျောင်းသားများအတွက် ကျောင်းမှဖွင့်နိုင်ပါ့မလားလို့မိဘများကစိုးရိမ် ခဲ့ကြတာပါ။

အခုတော့ အဲဒီအချိန်တုန်းက ဖြစ်ပေါ်ခဲ့တဲ့မိဘများနဲ့ကျောင်းသား များရဲ့ရင်ထဲက စိုးရိမ်ကြောင့်ကြမှုကြီးကို နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မှန်ကန်တဲ့လမ်းညွှန်မှုကြောင့် ပြည်သူလူထုအားနဲ့ ဖယ်ရှားတွန်းလှန်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ကျန်းမာရေးကဏ္ဍ

နိုင်ငံတစ်နိုင်ငံမှာ ပညာရေးကဏ္ဍပြီးရင် ကျန်းမာရေးကဏ္ဍကလည်း အလွန်အရေးကြီးတဲ့အထဲမှာ ပါပါတယ်။ လူတစ်ယောက်ကျန်းမာရေးမကောင်း ရင်အိမ်သားတွေ စိတ်မချမ်းမသာ ဖြစ်ရသလို ငွေကုန်ကြေးကျမှုနဲ့ ဝမ်းနည်းပူဆွေးမှုတွေဖြစ်ပေါ်ကာ ကုန်ထုတ်လုပ်မှုလည်းလျော့နည်း ကျဆင်းစေပါတယ်။ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ကပညာရေးပြီးရင် ကျန်းမာရေးကဏ္ဍကိုအထူးအလေးပေး ဆောင်ရွက်နေတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတဲ့ ကာလတုန်းကဆိုရင် နိုင်ငံတော်ဝန်ကြီး ချုပ် ချမှတ်ခဲ့တဲ့မူဝါဒက သိပ်ကိုရှင်းလင်း ပြတ်သားပါတယ်။ အဲဒီမူဝါဒကတော့ “လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိ” ဆိုတဲ့ မူဝါဒပါပဲ။

အခုလည်းမုန်တိုင်းတိုက်ခတ်ပြီး ချိန်မှာ မုန်တိုင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေမဖြစ်ရလေအောင် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ဆောင်ရွက်မှုများကို တင်ပြပေးသွားပါ မယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်းများ၊ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦများပျက်စီး ဆုံးရှုံးမှုအနေနဲ့ ၅၀၇လုံး ရှိပါတယ်။ ဒီထဲမှာမှ ဇွန်လ ၁၄ ရက်အထိ ပြန်လည် ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းပြီးစီး မှုရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အဦများကို ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်ပေးနေသူတွေကတော့ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုး ရေးလုပ်ငန်းရှင်များအသင်းနဲ့ အဆောက်အဦ ဦးစီးဌာနတို့ပါပဲ။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများ အဖြစ် Disaster Kits အခု ၂၂၀ ၊ IHEK Kits ၁၁၄ ခု၊ Hygiene Kits အခု ၁၀၀၊ ရေသန့်ဆေးပြား ၂၂၂၈၀၀၀၊ ဓာတ်ဆား ထုပ်၁၄၇၀၀၀ ၊ အားဆေးအပြား၅၁၅၀၀၀၀ ၊ Life straw community water filter အလုံး ၂၀ ၊ အသက်ကယ် အင်္ကျီ အခု ၇၀၀၊ Emergency Light အခု ၉၀၀ နဲ့ အိမ်သာခွက်နဲ့ အိမ်သာပိုက် အခု၃၀၀၀ အစရှိတဲ့ဆေးနဲ့ ဆေးပစ္စည်းများကို ပို့ဆောင်ပြီး ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများနဲ့ ပြည်သူလူထုအား ဖြန့်ဝေခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါတယ်။

စစ်တွေမြို့ရှိ ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက် အဦများနဲ့ ပတ်သက်ပြီး ပြင်ဆင်ရန် ၅၃ လုံးရှိသည့်အနက်မှ၁၈-၅-၂၀၂၃ မှ ၃-၆-၂၀၂၃ အထိ ပြင်ဆင်ပြီး ၁၆ လုံး၊ ပြင်ဆင်ဆဲ ၂၉ လုံးနဲ့ ပြင်ဆင်ရန်ကျန် ရှစ်လုံးရှိပါတယ်။

လက်ရှိမှာကိုပဲရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ် ဆေးရုံများမှာ ဆေးရုံလုပ်ငန်းများ ပုံမှန် လည်ပတ်လျက်ရှိပြီးခွဲစိတ်ကုသမှု လုပ်ငန်းများ၊ ပြင်ပလူနာ၊ အတွင်းလူနာ များကို လက်ခံကုသပေးခြင်းများကို လည်း ပုံမှန်အတိုင်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

အခုဆိုရင် မုန်တိုင်းစတင်တိုက်ခတ် တဲ့ မေလ ၁၄ ရက်မှ ဇွန်လ ၁၄ ရက်အထိ ပြင်ပလူနာ ၁၈၉၃၄ ဦး၊ အတွင်းလူနာ စုစုပေါင်း ၃၅၀၁၄ ဦး၊ ဆေးရုံတက်လူနာ အသစ်၁၃၇၁၇ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူများအား ကျေးရွာအရောက်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များမှ အလျင်အမြန်တုံ့ပြန်ရေးအဖွဲ့ ၁၄ ဖွဲ့၊ အထူးကု ဆေးအဖွဲ့ ကိုးဖွဲ့၊ဆေးကုသရေးအဖွဲ့ နှစ်ဖွဲ့နဲ့တိုင်းရင်းဆေးကုသမှုအဖွဲ့တို့ကို စေလွှတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ရာ မေလ ၁၆ ရက်မှ ဇွန်လ ၁၄ ရက်အထိ ပြင်ပလူနာ ၈၀၂၁၃ ဦးကို ဆေးကုသမှုများဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်။

အလားတူ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက် ရှိတဲ့တပ်မတော်သားဆရာဝန်များ၊ ဆေးမှူးများဟာလည်းသဘာဝ ဘေးဒဏ်သင့်ခဲ့ရတဲ့ဒေသတွေမှာ သွားရောက်ပြီးတော့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ရာမှာ တပ်မတော်အကြီးအကဲရဲ့လမ်းညွှန်မှုအရ သဘာဝဘေးဒဏ် မကျရောက်မီကတည်းက ကြိုတင်စုဖွဲ့စေလွှတ်ထားတဲ့ ကူညီကယ်ဆယ်ရေးယာဉ် အစုအဖွဲ့ရှိ တပ်မတော်သားကျန်းမာရေးဝန်ထမ်း အစုအဖွဲ့နဲ့ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ခံဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်မှဆေးတပ်ဖွဲ့ဝင်များနဲ့ ဖွဲ့စည်းထားတဲ့ အထူးဆေးကုသရေးအဖွဲ့တို့ဟာ သဘာဝဘေးဒဏ်ကျရောက်ပြီးလျှင် ပြီးချင်းမှာပင် ရပ်ကွက်၊ ကျေးရွာများဆီအရောက်သွားပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ ပါတယ်။

အခုလို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာမှာ မေလ ၁၇ ရက် ကနေ ဇွန်လ ၁၄ ရက်အထိ စုစုပေါင်း ဒေသခံပြည်သူ ၁၄၆၃၁ ဦးကိုဆေးကုသမှုဆိုင်ရာရောဂါ၊ ဝမ်းလျှော/ ဝမ်းပျက် ရောဂါ၊ခွဲစိတ်ရောဂါ၊ကလေးရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိ ရောဂါ၊ သွားရောဂါ၊ထိခိုက်ဒဏ်ရာနဲ့ အခြားရောဂါတို့နဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်။

ကျန်းမာရေး တာဝန်ရှိသူများက ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု အနေနဲ့ မုန်တိုင်းကျရောက်ပြီးပါက ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အခြားကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် ရခိုင်ပြည်နယ်အတွင်း ရေတွင်းရေကန်ပေါင်း ၅၀၄၈ ခုမှာကလိုရင်းဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါအတွက် အဘိတ်ဆေးခတ်ခြင်းတို့ကိုလည်း ဆောင် ရွက်ပေးလျက်ရှိပါတယ်။

ကျန်းမာရေးတာဝန်ရှိသူများက အခုလိုမျိုးတွေဆောင်ရွက်ပေးနေတဲ့ ကြားထဲက ဝမ်းပျက်ဝမ်းလျှောရောဂါက ဖြစ်ဖြစ်အောင်ဖြစ်လိုက်ပါသေးတယ်။ အကြောင်းရင်းကတော့ တာဝန်ရှိသူတွေ ရဲ့ သတိပေးချက်များကို လျစ်လျူရှုခြင်း ကြောင့်လို့ ပြောရမှာပါပဲ။

ဒီကာလဟာသရက်သီးပေါ်ချိန် ဖြစ်တဲ့အတွက် မုန်တိုင်းသင့်ဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သရက်သီးကို စားသုံးခြင်းမပြုဖို့ တာဝန်ရှိသူတွေက အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။

တာဝန်ရှိသူတွေရဲ့ သတိပေးမှုကို ပြည်သူအများအပြားက လိုက်နာသော်လည်း မလိုက်နာသူ လူနည်းစုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့တာတွေ့ရပါတယ်။

ဒါပေမယ့်လည်းကျန်းမာရေးဝန်ကြီး ဌာနကကူးစက်ရောဂါများဖြစ်ပွားလာပါက အလျင်အမြန်သိရှိစေရေးအတွက် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ် ကို ဆောင်ရွက်လျက်ရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါက ကပ်ရောဂါ အသွင်ဖြစ်ပွားမှုမရှိခဲ့တာဟာ ဝမ်းမြောက် ဖွယ်ရာပါပဲ။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment