Monday, June 26, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်၌ (၃၆)ကြိမ်မြောက် အပြည်ပြည်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

 



နေပြည်တော် ဇွန် ၂၆

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၆)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC-2 ၌ ကျင်းပသည်။

အခမ်းအနားသို့  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများ၊ ဗဟိုအဆင့် တွင် ဆုရရှိသူများနှင့် တိုင်းအဆင့်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား/ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ကအဖွင့်အမှာစကားပြောကြားရာတွင်  မူးယစ်ဆေးဝါး ပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနှင့်သာ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုး မဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးပါသက်ဆိုင်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင်ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာဖြစ်ပါကြောင်း၊ ဒီနှစ်မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၏ ဦးတည်ချက်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC) မှ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ကတော့ “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး၊ ကာကွယ်ရေးကို အလေးပေး၊ လူသားအားလုံး ကျန်းမာရေး "(People First: stop stigma and discrimination,  strengthen prevention) ဆိုသည့်အတိုင်း လူသား အချင်းချင်း ခွဲခြားနှိမ့်ချမှုမရှိစေရေး၊ လူသားအားလုံး ကျန်းမာရေးတို့ကို ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ ထိုနည်းတူ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေး စတာတွေကို ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ လူငယ်များ၏ဘဝ၊ လူသားအားလုံး၏ ဘဝပတ်ဝန်းကျင် တစ်ခုလုံး မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ဆိုးကြီး ဝင်ရောက်မလာနိုင်စေရန် ပြည်သူလူထု တစ်ရပ်လုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ပြီး ကာကွယ်တွန်းလှန် ဖြိုဖျက်ကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံ (DRUG FREE NATION) ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသလို ကျွန်တော်တို့အနေနဲ့လည်း နေပြည်တော်ကို မူးယစ်ဆေးဝါး ကင်းမဲ့သည့်ဒေသ (DRUG FREE REGION) ဖြစ်လာစေရေး ဝိုင်းဝန်းကာကွယ်ကြဖို့ လိုအပ်ပါတယ်။ လူသားများအားလုံးရဲ့ ဘဝပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးက လက်တွဲညီညီ အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။  

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က တက်ရောက်လာကြသည့် ဗဟိုအဆင့်တွင် ဆုရရှိသူများနှင့် တိုင်းအဆင့်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား /ကျောင်းသူများ၏ မိဘများအား ရင်းရင်းနှီးနှီနှုတ်ဆက်စကားပြောကြားသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ကျင်းပရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှ ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီ နယ်မြေ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖတ်ကြားသည်။

ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများ တွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment