Sunday, June 18, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေး

 


တာချီလိတ် ဇွန် ၁၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ  ၂၀၂၃ ခုနှစ် မေ ၈ ရက်တွင် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ် အာခါဈေးလမ်း အမှတ် (၂၈၁)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဌာနချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့တွင် နယ်မြေခံတပ်ဧည့်ရိပ်သာ၌တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးသည်။  

ပြောကြား

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီမှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁၀၀၀ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်နယ် အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ငါးမြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ရန်၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားရန်၊ ပါတီ၏ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်သွားရန်၊ ပါတီဝင်များ ကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွား ရန်၊ အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မိမိပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ပြည်နယ်ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် ပြောကြားသည်။

ယင်းနောက် ပါတီတာဝန်ရှိသူများက ပါတီ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး၊ ဦးခင်မောင်ဦးနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နာယက ဦးမင်းညို၊ ဥက္ကဋ္ဌ ဦးထွန်းအောင်နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။                  

 သတင်းစဉ်

 

No comments:

Post a Comment