Saturday, June 3, 2023

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးယှဉ်ပြိုင်ပွဲ ကြည့်ရှုအားပေး

 

မော်လမြိုင် ဇွန် ၃

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက်  ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ပြည်နယ်အဆင့်ဌာနဆိုင်ရာဘောလုံးအသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့၏ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ပြည်နယ်ဝန်ကြီးများ၊ အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးသည်။









ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များကို နေ့စဉ်ထမ်းဆောင်နေရသည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများ ကျန်းမာကြံ့ခိုင်မှုရှိစေရန် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိတ်ဆွေသင်္ဂဟများ တိုးပွားလာစေရန်ရည်ရွယ်ပြီး ယခု ချစ်ကြည်ရေးဘောလုံးပွဲကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ထမ်းများသည် အားကစားလှုပ်ရှားမှုတစ်ခုခုတွင် စိတ်ပါဝင်စားလာစေရန် တွန်းအားပေးခြင်းဖြစ်ကြောင်း အားကစားလှုပ်ရှားမှုကြောင့် ကိုယ်စိတ် အပန်းဖြေပြီး ပျော်ရွှင်မှုကို ရရှိစေခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ ဆုံးဖြတ်ချက်များ မှန်ကန်ခြင်း၊ နိုးကြားတက်ကြွမှု ရှိခြင်းစသည့် အကျိုးကျေးဇူးများ ဧကန်မလွဲ ခံစားရမှာဖြစ်ကြောင်း ချစ်ကြည် ရေးခြေစမ်းပွဲမှာ ပါဝင်ကစားမည့်သူများသည် ငယ်မူငယ်သွေး ယခုလိုအသက်အရွယ်မှာ ဘောလုံးပြန်ကစားရင်း၊ ငယ်ဘဝတွေမှာ ကစားခဲ့ရတဲ့အချိန်တွေကို ပြန်သတိရ တမ်းတပြီး မိမိတို့ရဲ့ အကောင်းဆုံး ခြေစွမ်းနဲ့ စွမ်းရည်တွေ ထုတ်ဖော်ပြသကာ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ ကစားကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက် ပြိုင်ပွဲဝင်အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသူလေးများက ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ကြကာ၊  ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းနှင့် တိုင်းမှူး ဦးဆောင်သော အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဘောလုံးအသင်းက ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဘောလုံးအသင်းကို (၅)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment