Saturday, May 6, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ ဆွေးနွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာလက်မှတ်ရေးထိုး

 


နေပြည်တော် မေ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation- SCO) ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ်ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးကာလအတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့က ၅-၅-၂၀၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံများ ဖြစ်လာသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယခုအခါ SCO ၏ တင်းပြည့်အဖွဲ့ဝင်များမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန်နိုင်ငံတို့ဖြစ်ကြသည်။ SCO သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး စသည့်နယ်ပယ်များတွင် အဓိကပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment