Tuesday, May 16, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်မည့် Digital Payment Switch အား Financial Industry အတွင်းသို့ စတင်မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ


နေပြည်တော် မေ ၁၅

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာကြူအာ (Myanmar Quick Respond - MMQR) အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်သည့် Digital Payment Switch အား Industry နှင့် စတင်မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရုံးချုပ်) ရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Mastercard Asia Pacific Pte Ltd ၊ PayPlus Co., Ltd တို့၏ အကြီးတန်း စီမံခန့်ခွဲသူများ တက်ရောက်ကြပြီး နိုင်ငံခြား ဘဏ်ခွဲများအားလုံးမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ကတ်အချင်းချင်း ချိတ်ဆက်ပေးချေနိုင်

အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ (Myanmar National Payment System Strategy 2020-2025) အရ ချမှတ်ထားသော ငွေပေးချေမှုဆိုင်ရာ မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ်များအကြား ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေရေးကြေးရေးကွန် ရက်စနစ် (CBM-NET) ကိုလည်းကောင်း၊ ကတ်အချင်းချင်း ချိတ်ဆက်ပေးချေနိုင်ရန်အတွက် မြန်မာငွေ ပေးချေမှုအဖွဲ့ (Myanmar Payment Union-MPU)ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ QR Code အသုံးပြု၍ လက်လီငွေပေးချေမှုများကို အချိန်နှင့်တစ်ပြေးညီ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်မည့် Digital Payment Switch အား ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

မေးမြန်းဆွေးနွေး

အဆိုပါ Digital Payment Switch ဖော်ဆောင်ပြီးပါက ရရှိနိုင်မည့် ကောင်းကျိုးများ၊ Industry မှ ကြိုတင်ပြင်ဆင်ထားရန်၊ Digital Payment များအားလုံး Interoperability ချိတ်ဆက်နိုင်ရန်နှင့် နောင်တွင် နယ်စပ်ဖြတ်ကျော်ပေးချေမှုများကို QR Code နှင့် အပြန်အလှန် ချိတ်ဆက် ပေးချေနိုင်ရေးအတွက် အသင့်အနေအထား ဖြစ်စေရန် Version Update ပြုလုပ်ထားသည့် MMQR Specification (new version) ၊ Participant များမှ Digital Payment Switch သို့ လာရောက်ချိတ်ဆက်ရာတွင် လိုအပ်သည့် Digital Payment Switch Network Readiness ၊ Digital Payment Switch အကောင်အထည်ဖော်မည့် Time-line တို့ကို ရှင်းလင်းပြောကြားကာ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

အကျိုးကျေးဇူးများရရှိမည်

Digital Payment Switch တည်ထောင်ပြီးစီးပါက လုံခြုံ၍ စွမ်းရည်ပြည့်ဝသော ငွေပေးချေမှု စနစ်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပြီး မည်သည့်မိုဘိုင်းပိုက်ဆံ အိတ်ကိုမဆို အပြန်အလှန်ချိတ် ဆက်ပေးချေနိုင်မည်ဖြစ်သဖြင့် ငွေသားကိုင်တွယ်သုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ဟွန်ဒီကဲ့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ပေးချေမှုများကို ဒစ်ဂျစ်တယ်ပေးချေမှုများ ပိုမိုသုံးစွဲစေခြင်းဖြင့် တရားဝင် ငွေစီးဆင်းမှု မူဘောင်အား ဖော်ဆောင်နိုင်ခြင်း၊ စီးပွားရေးစနစ်အတွင်း ငွေကြေးစီးဆင်းမှု မြန်ဆန်ပြီး ငွေရေးကြေးရေး ဈေးကွက်ဖွံ့ဖြိုးခြင်း၊ တိုးတက်မှုနှင့်အတူ နိုင်ငံစီးပွားရေးစနစ်အား အထောက်အကူ ဖြစ်စေခြင်းနှင့် အီလက်ထရွန်နစ် ငွေပေးချေမှု နည်းလမ်းများလာခြင်းမှတစ်ဆင့် ပိုမိုအသုံးပြုပေးချေနိုင်ခြင်း၊ နိုင်ငံ၏ငွေပေးချေမှုစနစ်အား ထိရောက်စွာကြီးကြပ်ထိန်း ကျောင်းနိုင်ခြင်း၊ အားလုံးပါဝင် ဆောင်ရွက်နိုင်မည့် ငွေရေးကြေးရေးစနစ် (Financial Inclusion) အားကောင်းလာနိုင်ခြင်းအပြင် စီးပွားရေးလုပ်ငန်း အနေဖြင့်လည်း ငွေပေးချေမှုအတွက် နှောင့်နှေးကြန့်ကြာမှုများ လျှော့ချပေးနိုင်မည်ဖြစ်၍ မိမိတို့၏ Business ကို ပိုမိုအားကောင်းစွာ အစီအစဉ် ချမှတ်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment