Tuesday, May 9, 2023

မုန်တိုင်းဘေးဒဏ်ခံစားရနိုင်သည့်ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာများက ခေါက်ဆွဲခြောက်များ လှူဒါန်းခြင်းနှင့် မုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနဖွင့်လှစ်

နေပြည်တော် မေ ၈

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေရှိနေသဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မုန်တိုင်းဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဖြတ်သန်းဝင်ရောက်ပါက ဘေးဒဏ်ခံစားရနိုင်သည့် ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံး၏ စည်းရုံးဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများက စုပေါင်းလှူဒါန်းသော ထိုင်းဘတ်ငွေ ၁၀၇၇၂၆၃ တန်ဖိုးရှိ အသင့်စားခေါက်ဆွဲ ခြောက်ထုပ် ၁၅၈၆၄၀ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Dis-aster Management Centre-DMC)၌ ကျင်းပသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ထောက်ပံ့ လှူဒါန်းသည့် ခေါက်ဆွဲခြောက်များသည် ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးတို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနား၌ ထိုင်းနိုင်ငံရောက် မြန်မာများကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သို့ ပေးအပ်လှူဒါန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အဆိုပါ ခေါက်ဆွဲခြောက်များကို ရခိုင်ပြည်နယ်သို့ အထုပ် ၃၀၀၀၀၊ ဧရာဝတီတိုင်းဒေသကြီးသို့ အထုပ် ၃၀၀၀၀ တို့ကို ကြိုတင်ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ်ပြီး ကျန်ခေါက်ဆွဲထုပ်များကို ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ၌ အရန်သင့် သိုလှောင်ထားရှိပြီး လိုအပ်သည့်နေရာများသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။

ဆက်လက်၍ ယနေ့မွန်းလွဲ ၃ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အရေးပေါ် တုံ့ပြန်ရေးအတွက် ကြိုတင်ပြင် ဆင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ စီမံခန့်ခွဲဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

အမြန်ဆုံးစီမံဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ လေဖိအားနည်းရပ်ဝန်းမှ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာ နိုင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာနိုင်သည့် မုန်တိုင်းဘေးနှင့်စပ်လျဉ်း၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဦးဆောင်၍ အရေးပေါ် အစည်းအဝေးကို မေ ၆ ရက်တွင် ခေါ်ယူကျင်းပခဲ့ပြီး အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချမှတ်ခဲ့ပါကြောင်း၊ ထို့အပြင် တည်မြဲအမိန့် (၂၀၂၂) တွင်လည်း အရေးပေါ် အချိန်ဆောင်ရွက်ရမည့် လုပ်ငန်းများ ပါရှိပြီး ဖြစ်ပါကြောင်း၊ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲ ဆောင်ရွက်နိုင်ရန်အတွက် DMC ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ DMC တွင် အဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသားကော်မတီ အတွင်းရေးမှူးဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် လုံခြုံရေး လုပ်ငန်းကော်မတီမှလည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ဆောင်ရွက်ရန် အဆိုပြုလိုကြောင်း၊ DMC ကို (၂၄)နာရီ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပြီး နေ့စဉ် ညနေ ၃ နာရီတွင် အစည်းအဝေးပြုလုပ်ပြီး လိုအပ်သည်များ အမြန်ဆုံး စီမံဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် DMC ရုံး အဖွဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက DMC ဖွင့်လှစ်မှုနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် လုပ်ငန်းကော်မတီအသီးသီးမှ ကိုယ်စားလှယ်များက ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။

ယနေ့မှ စတင်ဖွင့်လှစ်

သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစီး၍ ယနေ့မှ စတင်ကာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားကော်မတီ လက်အောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုမှ အတွင်းရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိ ကြီးများ၊ တာဝန်ရှိသူများ စုပေါင်းတာဝန်ထမ်းဆောင်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment