ဆင်းရဲမွဲတေမှုဟူသည် ပိုင်ဆိုင်မှုနည်းပါးသော သို့မဟုတ် ဝင်ငွေနည်းပါးသောအခြေအနေကို ဖော်ပြသည်။ ဆင်းရဲမွဲတေမှု ဝါ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာရာတွင် လူတစ်ဦးအတွက် စားရေး၊ ဝတ်ရေး၊ နေရေး အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်လိုအပ်သည့်ဝင်ငွေနှင့် တိုင်းတာသည်။ နောက်တစ်နည်းမှာ တူညီသောနေရာနှင့် တူညီသောအချိန်ကာလအတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံးသော လူနေမှုအဆင့်အတန်းကို ပြည့်မီခြင်းရှိမရှိနှင့် တိုင်းတာသောနည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြေခံအကျဆုံးအချက်မှာ ဝင်ငွေနည်းပါးခြင်းပင်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် အဘက်ဘက်မှနိမ့်ကျစေသည်။
မိမိတို့နိုင်ငံတွင် အမျိုးသားပညာရေးအခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲ အမှာစကားပြောကြားရာတွင်“ ကျောင်းဆက်မတက်သူ ၁၀ ဦးကို မေးမြန်းလေ့လာရာတွင် သုံးဦးသည် မိသားစုကို ကူညီနေရ၍ ဟု ပြောဆိုပြီး နှစ်ဦးမှာ ကျောင်းဆက်တက်ရန် ငွေကြေးမတတ်နိုင်သောကြောင့်ဟု ဖြေဆိုသည်ကို သိရပါကြောင်း၊ အသက်သုံးနှစ်မှ ၅၀ နှစ် အတွင်း လူဦးရေ၏ ကျောင်းဆက်မတက်ရခြင်း အဓိက အကြောင်းရင်းမှာ မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန်ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်ဝင်စားစရာမကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းကဝေးလွန်းသည်က ၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ အချက်များအရ ဆင်းရဲမွဲတေမှုကြောင့်ဖြစ်သည်မှာ အများစုဖြစ်နေပါကြောင်း” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသို့ သွားရာလမ်းကြောင်းတွင် ဆိုးသွမ်းသံသရာများ (Vicious Circles) ပြည့်လျှမ်းလျက်ရှိသည်ဟူသော အဆိုအမိန့်အတိုင်းပင် ဆင်းရဲမွဲတေခြင်း - ပညာရေးနိမ့်ပါးခြင်း - လူသားအရင်းအမြစ်မဖွံ့ဖြိုးခြင်း - နိုင်ငံမတိုးတက်ခြင်း - အလုပ်အကိုင်အခွင့်အလမ်းနည်းပါး ခြင်း စသည်တို့အပြင် ပြည်တွင်းပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ စသည့်အကြောင်းအရာများကပါ နိုင်ငံကိုဆိုးသွမ်းသံသရာတွင်သာ တစ်ကျော့ပြီးတစ်ကျော့ လည်နေ စေမည်ဖြစ်ရာ ခိုင်မာသည့်သန္နိဋ္ဌာန်၊ ထက်သန်သည့်စိတ်ဓာတ်၊ ညီညွတ်သည့် စုပေါင်းအားတို့ဖြင့် ရုန်းထွက်ကြရမည်ဖြစ်သည်။
လူတစ်ဦးချင်းအနေဖြင့်လည်း ဆင်းရဲနွမ်းပါးသည့်အခြေအနေတွင် လိုက်လျောညီထွေ နေသားတကျရှိအောင် ချိန်ညှိ၍မနေဘဲ ဘဝအတွက် ကြီးမားသည့်ရည်မှန်းချက်ထားပြီး အားထုတ်ကြိုးပမ်းကြရန်လိုအပ်သည်။ ဘဝနှင့်အလုပ်အပေါ်တွင် သဘောထားမမှန်ကန်ခြင်းနှင့် ဘဝတွင်ကြီးမားသော ရည်မှန်းချက်မထားတတ်ခြင်းသည် ပျင်းရိခြင်း၊ ရောင့်ရဲတတ်ခြင်းနှင့် စွမ်းဆောင်လိုစိတ်အားနည်းခြင်းကို ဖြစ်ပေါ်စေတတ်သည်ဟူသော ပညာရှင်အဆိုအမိန့်တစ်ရပ် အရ ဆင်းရဲမွဲတေသည့် ဘဝအခြေအနေမှ လွတ်မြောက်အောင် လုံ့လ၊ ဝီရိယနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြရမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးနှင့် နိုင်ငံသားတိုင်း အနိမ့်ဆုံးအားဖြင့် အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးအောင်မြင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်းထမ်းရွက်ကြရပါမည့် အကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်
No comments:
Post a Comment