နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် လူမှုရေးဦးတည်ချက်ပါ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဟူသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃)ကို နေပြည်တော်၌ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည်။
ညီလာခံကြီးတွင် ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၁ ခုတို့ပူးပေါင်းပြီး ပညာရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကျင်းပလျက်ရှိရာ မြန်မာနိုင်ငံ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးတွင် အဟန့်အတားဖြစ်နေသည့် အခက်အခဲများ၊ ပြဿနာများ၊ စိန်ခေါ်မှုများကို စုပေါင်းဆွေးနွေးအဖြေရှာပြီး အနာဂတ်ပညာရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းသတ်မှတ်နိုင်မည်ဖြစ်သည်။ ညီလာခံဖွင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့သည်။
“ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာမတတ်သည့် နိုင်ငံသားများပြီး ပညာရေးနိမ့်ကျသည့်နိုင်ငံသည် အမှန်တကယ်မတိုးတက်နိုင်ဟု လက်ခံထားကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကိုဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်များသည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကို အဓိကတည်ဆောက်ရပါကြောင်း၊ နိုင်ငံတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ်ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါများကြွယ်ဝရေးကို ဦးတည်ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း”။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အခက်အခဲ၊ အနှောင့်အယှက်၊ ဖျက်ဆီးမှုများကြားမှ နိုင်ငံ၏ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာသည်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် အရင်းအမြစ်ဖြစ်၍ နိမ့်ကျနေသော မြန်မာနိုင်ငံ၏ပညာရေးကို ပြန်လည်မြင့်မားလာအောင် တစိုက်မတ်မတ် အားပေး ဆောင်ရွက်နေသည်။ မြန်မာနိုင်ငံတွင် ပညာတတ်များပေါများကြွယ်ဝပြီး နိုင်ငံကိုအလုပ်အကျွေးပြုနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်သည်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံသည် သယံဇာတမရှိသည့် အလွန်သေးငယ်သောနိုင်ငံဖြစ်သော်လည်း နိုင်ငံ၏အခြေခံအုတ်မြစ်ကို ပညာဖြင့် ခိုင်မာစွာတည်ဆောက်ထားသဖြင့် ချမ်းသာကြွယ်ဝသည့်နိုင်ငံဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘက်စုံပညာရေးကိုအရေးကြီးသည့် ကဏ္ဍတစ်ရပ်အဖြစ်ထားရှိသည်။ ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံသားများ၏ ရပိုင်ခွင့်နှင့်တာဝန်ဝတ္တရားများကို ပိုမိုနားလည်သဘောပေါက်ကြသည်။ နားလည်သဘောပေါက်ကြသောကြောင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် ပိုမိုပူးပေါင်းပါဝင်နိုင်သည့် အင်အားစုများဖြစ်လာကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ပညာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့်ခွဲဝေပေးလျက်ရှိရာ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအပါအဝင် ပညာရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ်စုစုပေါင်း ၃၁၄၆ ဒသမ ၁၄၉ ဘီလီယံ ခွင့်ပြုပေးထားသည်။ ပညာရေးကဏ္ဍတွင် ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်၏အနာဂတ် တိုးတက်ကောင်းမွန်လာစေရေးအတွက် မွန်မြတ်သောစေတနာဖြင့် ပညာရေးကဏ္ဍအဘက်ဘက်မှ ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူ၊ မိဘ၊ ဆရာနှင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူအားလုံးတို့က တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပညာရေးသည် နိုင်ငံ၏အဓိကကျသော အခြေခံအုတ်မြစ်ဖြစ်၍ မျိုးဆက်အဆက်ဆက်တို့ တိုးတက်လာစေရန်အတွက် ပညာရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပညာတတ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ်မွေးထုတ်၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်
No comments:
Post a Comment