Saturday, May 6, 2023

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်

 


နွေအကုန် မိုးဦးကာလ ရာသီဥတုအပြောင်းအလဲဖြစ်မှုကြောင့် လတ်တလောတွင် နိုင်ငံတစ်ဝန်း၌ မိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိသည်။ အဆိပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်မှုနှင့်ပတ်သက်၍ ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ် အကြံပြုအသိပေးလျက်ရှိသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအရပ်ရပ်၌ မိုးကြိုကာလဖြစ်သည့် မေလမှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပြန်တိမ်များဖြစ်ထွန်း၍ မိုးတိမ်တောင်များဖြစ်လာပြီး မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် နိုင်ငံတစ်ဝန်းရှိအချို့ဒေသများ၌ မိုးအနည်းငယ်ရွာသွန်းမှုဖြစ်ပေါ်ပြီး အချို့ဒေသများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့ပါ၍ ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် ယခုကာလမှ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိပြုနေထိုင်သွားကြရန်လိုအပ်သည်။

ထို့အပြင် မေလ ၂ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ မေလ ၈ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် မိုးဦးကာလ၊ မိုးလယ်ကာလ၊ မိုးနှောင်းကာလတို့၌ သဘာဝအလျောက်မိုးရွာသွန်းမှု၊ မိုးကြီးမှုတို့ အနည်းနှင့်အများဖြစ်ပေါ်သော်လည်း မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများ၌ ပေါ်ပေါက်လာသည့် လေဖိအားနည်းရပ်ဝန်းများမှတစ်ဆင့်ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအန္တရာယ်များကို ကြိုတင်သတိပြုပြင်ဆင်ထားရမည်ဖြစ်သည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်၍ အတွေ့အကြုံများရှိသော်လည်း ကြိုတင်ပြင်ဆင်ကာကွယ်မှုအပိုင်း၌ အားနည်းချက်များရှိသောကြောင့် အဖျက်စွမ်းအားကြီးမားသည့် နာဂစ်မုန်တိုင်းနှင့် အခြားမုန်တိုင်းအမျိုးမျိုးတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ခဲ့သည်ကို သတိပြုမိရန်လိုသည်။ သက်ဆိုင်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လေပြင်းတိုက်ခတ်မှု၊ မုန်တိုင်း တိုက်ခတ်မှုတို့နှင့်ပတ်သက်၍ ကြိုတင်အသိပေးနှိုးဆော်လျက်ရှိသော်လည်း လိုက်နာဆောင်ရွက်မှုအပိုင်း၌ အားနည်းမှုများရှိမြဲရှိနေဆဲဖြစ်သည်။ လတ်တလောတွင်ပင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများသာမက လူအသေအပျောက်များပင်ဖြစ်ခဲ့သည်ကို သတိပြုဆင်ခြင်ကာ ကြိုတင်ပြင်ဆင်၍ ထိခိုက်မှုလျော့နည်းအောင် လျှော့ချကြရမည်ဖြစ်သည်။

လေပြင်းမုန်တိုင်းများသည် သဘာဝအားဖြင့် ရာသီအလိုက်ဖြစ်ပေါ်နေမည်သာဖြစ်သည်။ ယင်းတို့ကို မည်သူမျှ တားဆီးကာကွယ်နိုင်မည်မဟုတ်ပါ။ အရေးအကြီးဆုံးမှာ ထိရောက်သောစီမံခန့်ခွဲမှုကောင်းများဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အဆိုပါသဘာဝဘေးများနှင့် မည်သို့အဆင်ပြေအောင် နေထိုင်လုပ်ကိုင်ကြရမည်ကိုသာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတများ ထိုက်သင့်သလောက်ရရှိခဲ့ပြီးဖြစ်၍ နိုးကြားမှု၊ သတိရှိမှု၊ ကြိုတင်ပြင်ဆင်မှု၊ သရုပ်ပြလေ့ကျင့်မှုများကို ထိထိရောက်ရောက်ဆောင်ရွက်သွားကြရန်လိုအပ်သည်။ ပြည်သူလူထု နေထိုင်ရာအရပ်ဒေသသည် သဘာဝဘေးအန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း အသိပေးထားရန်လိုအပ်သည်။

အထူးသဖြင့် သဘာဝဘေးကျရောက်နိုင်သောဒေသများရှိ စာသင်ကျောင်းများမှတစ်ဆင့် ကျောင်းသား ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတများ ပေးဝေထားရမည်ဖြစ်သည်။ ဒေသတွင်း ဘေးအန္တရာယ်ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဒေသတွင်းရှိ လူ၊ ပစ္စည်းအရင်းအမြစ်များဖြင့် မည်သို့ဆောင်ရွက်ရမည်ကို စီမံထားရှိရမည်ဖြစ်သည်။ ဒေသတွင်းခိုလှုံရာ သဘာဝကုန်းမြင့်များ၊ လူလုပ်ကုန်းမြင့်များ၊ မုန်တိုင်းနှင့် မုန်တိုင်းဒီရေခံနိုင်သည့် ခိုလှုံရာကွန်ကရစ်အဆောက်အအုံများ၊ ယင်းခိုလှုံရာနေရာတွင် ရေ၊ အစားအသောက်နှင့် ဆေးဝါးများစုဆောင်းထားရှိခြင်းစသည်တို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်လိုအပ်သည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကယ်ဆယ်တုံ့ပြန်ရေးအတွက် ပြည်သူလူထုအခြေပြု စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် စနစ်တကျလေ့ကျင့်၍ နေရာဒေသအလိုက် အားလုံးပါဝင်တုံ့ပြန်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ကို မည်သူမျှတားဆီးကာကွယ်နိုင်ခြင်းမရှိသော်လည်း ရာသီအလိုက် သဘာဝအလျောက်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးဖြစ်စဉ်များကို အထူးအလေးထားစောင့်ကြည့်၍ သဘာဝဘေးအန္တရာယ်မဖြစ်မီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များကို လက်တွဲညီညာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment