နေပြည်တော် မေ ၂၆
သစ်တောပညာ နှစ်(၁၀၀) ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊
မန်းငြိမ်းမောင်၊ ဒေါက်တာအောင်ကျော်မင်း၊ ဦးရွှေကြိမ်းနှင့် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများနှင့်
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး
(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊
ရေဆင်းနယ်မြေရှိ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ
တက်ရောက်ကြ သည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊
ကောင်စီဝင်မန်းငြိမ်းမောင်၊ ဒုတိယဝန်ကြီးချုပ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေတို့က
သစ်တောပညာ နှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သစ်တောပညာ နှစ်(၁၀၀)
ရာပြည့်အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့်
ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
သစ်တောပညာ နှစ် (၁၀၀) ရာပြည့်အထိမ်းအမှတ် အမှာစကားပြောကြားရာတွင် လူသားများနှင့်သဘာဝဂေဟစနစ်
တစ်ခုလုံးကိုအကျိုးပြုနေသည့် သစ်တောသစ်ပင်များပြုစုထိန်းသိမ်း စောင့်ရှောက်ကာကွယ်ရေးတာဝန်သည်
အထူးအရေးကြီးလှပါကြောင်း၊ ထိုသို့အရေးကြီးသော သစ်တောဆိုင်ရာပညာရပ်များ
သင်ကြားပို့ချပေးနေသည့် မြန်မာနိုင်ငံတက္ကသိုလ်အဆင့် သစ်တောပညာသည်
နှစ်တစ်ရာတိုင်ပြည့် မြောက်ခဲ့ပြီဖြစ်သဖြင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို
ကျင်းပနိုင်ခြင်းသည် ဝမ်းမြောက်ဂုဏ်ယူရမည့်အခမ်းအနား၊ မင်္ဂလာရှိသည့်နေ့တစ်နေ့ပင်ဖြစ်
ပါကြောင်း၊ သစ်တောသစ်ပင်များ ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် စနစ်တကျစီမံအုပ်ချုပ်
လုပ်ကိုင်နိုင်ရန် သစ်တောပညာရှင်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါကြောင်း။
များစွာအထောက်အကူပြု
၁၉၂၃ ခုနှစ်မှစတင်ပြီး ရန်ကုန်တက္ကသိုလ်တွင်
သစ်တောပညာဌာနကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သဖြင့် သစ်တောပညာဌာနသည် ၁၉၂၀ ပြည့်နှစ်တွင်ဖွင့်လှစ်ခဲ့သည့်
ရန်ကုန်တက္ကသိုလ်နှင့် မရှေးမနှောင်း ဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊
ယခုကဲ့သို့သစ်တောပညာရပ်ကို သင်ကြားပို့ချပေးပြီးနှစ်ပေါင်းများစွာ ရေရှည်အသုံးချလာနိုင်ခဲ့သည့်အတွက်လည်း
မြန်မာနိုင်ငံ၏ သစ်တောသစ်ပင်များ ထိန်းသိမ်းကာကွယ်ရေးနှင့် စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင်
များစွာအထောက်အကူပြုခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
သစ်တောမျိုးစုံပေါက်ရောက်
မြန်မာနိုင်ငံသည်ဒေသတွင်း၌ သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊
မြောက်ဘက်စွန်း ခါကာဘိုရာဇီတောင်တန်းမှသည် တောင်ဘက်စွန်း ပင်လယ်သမုဒ္ဒရာအထိ တောင်မြောက်ရှည်လျားသည့်
နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ မတူကွဲပြားခြားနား သည့် သဘာဝသစ်တောသစ်ပင်များ၊
ဇီဝမျိုးစုံမျိုးကွဲများ၊ မြစ်ချောင်းအင်းအိုင်များ၊ ရေမြေတောတောင်များနှင့်
ဂေဟစနစ်များစုံလင်လှပစွာတည်ရှိနေသကဲ့သို့ ပင်လယ်ကမ်းခြေဒီရေတော၊ ပဲခူးရိုးမ
ရွက်ပြတ်ရောနှောတော၊ အပူပိုင်းဒေသခြောက်သွေ့တော၊ မြောက်ပိုင်းတောင်ပေါ်ဒေသအအေးပိုင်းတောများစသည့်
သစ်တောမျိုးစုံ ပေါက်ရောက်နေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း။
အခြေခံအုတ်မြစ်ကောင်းများဖြစ်
မြန်မာ့သစ်တောများသည် မြန်မာနိုင်ငံကြီး
ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံအုတ်မြစ်ကောင်းများဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖြစ်ပေါ်စေရန် ဖန်တီးပေးနိုင်သည်ကို
အားလုံးအသိပင်ဖြစ်ပါ ကြောင်း။
သစ်တောပညာဌာနစတင်ခဲ့သည့် သမိုင်းကြောင်းကို
ပြန်ကြည့်မည်ဆိုပါက ၁၈၅၆ ခုနှစ်တွင် ဒေါက်တာဘရန်းဒစ်ကစတင်မျိုးစေ့ချ တည်ထောင်ပေးခဲ့သည့်
မြန်မာ့သစ်တောများသိပ္ပံနည်းကျစီမံ အုပ်ချုပ်မှုစနစ်မှစ၍ သန္ဓေတည်ခဲ့သည်ဟုဆိုရမည်
ဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို ရေရှည်အသုံးချနိုင် ရေးအတွက် ၁၈၆၆ ခုနှစ်ကတည်းက
ပြင်သစ်နိုင်ငံနှင့်ဂျာမနီနိုင်ငံများသို့ နိုင်ငံခြားပညာတော်သင်များစေလွှတ်ခဲ့ပြီး
သစ်တောပညာသင်ကြားရေး ကို စတင်ဆောင်ရွက်ခဲ့သည်ဟု သိရပါကြောင်း၊
ထိုသို့ ပညာတော်သင်များစေလွှတ်ခဲ့သကဲ့သို့ အင်္ဂလန်မှပညာရှင်များကလည်း
မြန်မာနိုင်ငံကိုလာရောက်ပြီး တာဝန်ထမ်းဆောင်ခဲ့သည်ကို မှတ်တမ်းများအရတွေ့ရှိရပါကြောင်း။
အဆင့်မြှင့်တင်ပေး
၁၉၂၂ ခုနှစ်တွင် အိန္ဒိယအစိုးရက မြန်မာ့သစ်တောများ
စီမံအုပ်ချုပ်ရေးကို မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံသစ်တောအဖွဲ့အစည်း
(Burma Forest Services) ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဖွဲ့တွင်တာဝန်ထမ်းဆောင်မည့်သူများကို တက္ကသိုလ်အဆင့်သစ်တော
ပညာရပ်များ သင်ကြားပေးနိုင်ရန်ရည်ရွယ်ပြီး ရန်ကုန်တက္ကသိုလ်၊ သစ်တောပညာဌာနကို ၁၉၂၃
ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သစ်တောပညာဌာနကိုရန်ကုန်တက္ကသိုလ်၊
သိပ္ပံ မဟာဌာန (Faculty of Sciences)အောက်တွင်
စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သစ်တောပညာမဟာဌာန (Faculty of
Forestry) အဖြစ်အဆင့် မြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း။
သစ်တောပညာရပ်များကို ပိုမိုပြီးကျယ်ကျယ် ပြန့်ပြန့်လေ့လာ
သင်ယူနိုင်ရန်အတွက် ၁၉၉၂ ခုနှစ် တွင် သစ်တောတက္ကသိုလ် (Institute of Forestry)အဖြစ်
မြှင့်တင်ပေးနိုင်ခဲ့သည့်အပြင် တတ်ကျွမ်းမှု ပညာရေးဆိုင်ရာတက္ကသိုလ် (Professional
Institute) အဖြစ်လည်း သတ်မှတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင်
သစ်တောတက္ကသိုလ် University အဆင့်သတ်မှတ်ပြီး University
of Forestry ဖြစ်လာခဲ့ပါကြောင်း၊ သစ်တောပညာရှင်များကို
သင်ကြားမွေးထုတ်ပေးရာတွင် သစ်တောပညာ ဘာသာရပ်များကိုသာမကနှီးနွှယ်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘာသာရပ်များကိုလည်း
ပိုမိုလေ့လာနိုင်စေရန်ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်
(University of Forestry and Environmental Science)အဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊
သစ်တောတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ
ဆိုင်ရာ ပညာရေး၊ သုတေသနနှင့် ဝန်ဆောင်မှုများပေးစွမ်းနိုင်သည့်
အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး” ဆိုသည့်အချက်ကို အကောင်အထည်ဖော်နိုင်ရန်
သက်ဆိုင်ရာတာဝန်ရှိသူအားလုံးက ဦးတည်ချက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရမည်ကိုလည်း အလေးအနက်ထားပြောကြားလိုပါ
ကြောင်း။
လူသားအရင်းအမြစ်များစွာလိုအပ်
နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင်၊
အတတ်ပညာရှင် ပညာတတ်လူသားအရင်းအမြစ်များ များစွာလိုအပ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်သည်မှာ အမှန်တကယ်တတ်မြောက်မှုရှိအောင် သင်ကြားပေးနိုင်သည့်
သင်ကြားရေးစနစ်ရှိရန်လိုအပ်သကဲ့သို့ သင်ယူသူများကလည်း သင်ကြားပေးသည့်
ဘာသာရပ်များကို တတ်မြောက်ကျွမ်းကျင်စေရန်၊ လက်တွေ့အသုံးချနိုင်စေရန်၊ ခေတ်မီနည်းပညာ၊
အတတ်ပညာများနှင့် ပေါင်းစပ်ပြီးအဆင့်မြှင့်တင် တိုးမြှင့်လုပ်ဆောင်နိုင်စေရေး ဆောင်ရွက်နိုင်ရန်
လည်း လိုအပ်ပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ စာပေပညာသင်ကြားရုံ သက်သက်သာမဟုတ်ဘဲ
အတတ်ပညာများကို သင်ကြားပေးခြင်း၊ လေ့လာသင်ယူစေခြင်းအပြင် တက္ကသိုလ်ကပတ်ဝန်းကျင်ကောင်း၊
အတွေ့အကြုံကောင်းများရရှိပြီး ဘဝတစ်လျှောက် ဖြတ်သန်းမှုတွင် လက်တွေ့အသုံးချနိုင်မည့်
စာပေပညာနှင့် လူမှုဆက်ဆံရေးပညာတို့ကိုလည်း ပေးစွမ်းနိုင်ခြင်းဖြစ်သဖြင့် အဆိုပါ အခွင့်အလမ်းကိုလည်းရရှိအောင်
ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
မှတ်တမ်းများအရ သစ်တောကဏ္ဍလူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးရေးအတွက်
လေ့ကျင့်သင်ကြားပေးခဲ့ရာတွင် ၂၀၂၃ ခုနှစ်အထိ သစ်တောသိပ္ပံဘွဲ့ရ
ကျောင်းသား/ကျောင်းသူ ၃၀၅၂ ဦးရှိပြီး အမျိုးသမီးသစ်တောသိပ္ပံဘွဲ့ရ ၃၅၃
ဦးတို့ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့သည်ဟုသိရပါကြောင်း၊ သစ်တောပညာဌာနအနေဖြင့်
အမျိုးသားသင်တန်းသားများကိုသာခေါ်ယူရာမှ သစ်တောကဏ္ဍ၊ အထူးသဖြင့်ပညာရေး၊
သုတေသနနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အမျိုးသမီးများတာဝန်ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍
၁၉၉၅ ခုနှစ်မှစတင်ပြီး အမျိုးသမီးသင်တန်းသူ ၁၂ ဦး ခေါ်ယူခဲ့ပါကြောင်း၊ ၂၀၀၆
ခုနှစ်မှစပြီး အမျိုးသမီးကျောင်းသူပါဝင်မှုအချိုးအစားကို နှစ်စဉ် ၂၀
ရာခိုင်နှုန်းဖြင့်ဆောင်ရွက်နေသည်ဟု သိရှိရသည့်အတွက် သစ်တောသစ်ပင်နှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာတွင် အမျိုးသမီးများ၏ပါဝင်မှုအခန်းကဏ္ဍသည်
သိသိသာသာမြင့်မားတိုးတက်လာ မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူရသည်ကို ပြောကြား
လိုပါကြောင်း။
ပညာရေးအဆင့်မြှင့်တင်မှုအနေဖြင့် ၁၉၉၆ ခုနှစ် တွင်
ဘွဲ့လွန်သစ်တောပညာ မဟာသိပ္ပံသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး မဟာသိပ္ပံ
(သစ်တော)ဘွဲ့-M.Sc.
(Forestry)နှင့် မဟာသိပ္ပံ (သစ်တောထွက် ပစ္စည်း)-M.Sc.
(Forest Products) ဘွဲ့များကို ပေးအပ်ချီးမြှင့်ခဲ့ရာတွင်
မဟာသိပ္ပံဘွဲ့ရရှိသူ ၆၂ ဦး နှင့် ဒီပလိုမာဘွဲ့ရရှိသူ ၁၇ ဦး စုစုပေါင်း ၇၉
ဦးတို့ကို ဘွဲ့လွန်သစ်တောပညာရှင်များအဖြစ် အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့သည်ကို
သိရပါကြောင်း။
ပညာရှင်များမွေးထုတ်ပေးရာဌာနဖြင့်
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ
မွေးထုတ်ပေးလိုက်သည့် သစ်တောသိပ္ပံဘွဲ့ရများသည် အမေရိကန်၊ ဂျာမနီ၊ ဩစတြေးလျ၊
နယ်သာလန်၊ ဂျပန်၊ ကိုရီးယားအပါအဝင် ပြည်ပနိုင်ငံများမှာ မဟာသိပ္ပံဘွဲ့သင်တန်းများနှင့်
ပါရဂူဘွဲ့သင်တန်းများကို အရည်အချင်းပြည့်မီစွာဖြင့်
တက်ရောက်သင်ယူနိုင်ခဲ့ကြကြောင်းနှင့် နိုင်ငံတကာ ကျောင်းသား ကျောင်းသူများနှင့်
ရင်ပေါင်တန်းပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသည်ကို သိရှိရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိသည်ကို
မှတ်တမ်းတင်ပြောကြားလိုပါကြောင်း၊ ထိုသို့ ထူးချွန်ထက်မြက်မှုများသည်
ကာယကံရှင်များ၏ ကြိုးစားအားထုတ်မှုများအတွက် ၎င်းတို့ကို ချီးကျူး ဂုဏ်ပြုရမည်
ဖြစ်သကဲ့သို့ တစ်ဖက်မှလည်းမိမိတို့ နိုင်ငံ၏ပညာရေးသည် ကမ္ဘာ့အဆင့်မီဖြစ်သည်ကို
သက်သေပြသနေခြင်းပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ထူးချွန်ထက်မြက်သည့် ကျောင်းသားများကိုမွေးထုတ်ပေးနေသည့်၊
သင်ကြားပေးနိုင်သည့် ပါမောက္ခချုပ်ကြီးများ၊ ပါမောက္ခများ၊ ဆရာဆရာမများ၏ ကျွမ်းကျင်ပိုင်နိုင်မှု၊
လေ့ကျင့်သင်ကြားမှု စွမ်းဆောင်ရည်များသည် မည်မျှမြင့်မားသည်၊ နိုင်ငံတကာနှင့် အဆင့်မီသည်ဆိုသည်ကိုလည်း
သက်သေပြနေခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အတွက်လည်း အစဉ်အဆက်တာဝန်ယူဆောင်ရွက်ခဲ့ကြ
သည့် ဆရာကြီး၊ ဆရာမကြီးများကိုလေးစားစွာဖြင့် ချီးကျူးဂုဏ်ပြုသည်ကို မှတ်တမ်းတင်ပြောကြား
လိုပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ ပညာရှင်များ မွေးထုတ်ပေးရာဌာနလည်း ဖြစ်ပါကြောင်း၊
သစ်တောပညာသင်ကြားရေးတွင် ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ဒီပလိုမာဘွဲ့ရများစွာ မွေးထုတ်ပေးနိုင်ခဲ့သည့်
အပြင် ပြည်ပနိုင်ငံအသီးသီး၌ ပါရဂူဘွဲ့ရများစွာ သင်ယူနိုင်ခဲ့သူများ၊ စနစ်ကျသည့်
လုပ်ငန်းခွင်အတွေ့ အကြုံများစွာရှိပြီးဖြစ်သည့်အတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အနေဖြင့်
ပါရဂူ ပညာရှင်များ မွေးထုတ်ပေးနိုင်မည့် အခြေခံကောင်းများရှိနေပြီဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊
ထို့ကြောင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည်အထိ အပူပိုင်းနှင့်မုတ်သုန်ဒေသကို
အဓိကထားသည့် ပညာရှင်များကိုမွေးထုတ်မြှင့်တင် ဆောင်ရွက်ပေးရန်
တိုက်တွန်းလိုပါကြောင်း။
ယနေ့ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံအများစုသည် လူသားများအမှီပြုနေထိုင်ကြသည့်
တစ်ခုတည်း သောကမ္ဘာမြေကို ပိုမိုရေရှည်တည်တံ့စေရန်အတွက် ပတ်ဝန်းကျင်နှင့်
ညီညွတ်သည့် လူနေမှုဘဝများကိုဖြစ်နိုင်သမျှ ပြောင်းလဲဖော်ဆောင်နိုင်ရန်
ဦးစားပေးဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့်လည်း
သစ်တောကဏ္ဍနှင့် ဆက်စပ် လျက်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု
စီးပွားရေးဖွံ့ဖြိုးမှုအခြေခံသည့် အစိမ်းရောင် စီးပွားရေးလုပ်ငန်း(Green Economy)၊
ကမ်းရိုးတန်းနှင့်သမုဒ္ဒရာကိုအခြေခံသည့် အပြာရောင်စီးပွားရေး လုပ်ငန်း (Blue
Economy)နှင့် သဘာဝကို အခြေခံဖြေရှင်းသည့် ဖွံ့ဖြိုးမှုလုပ်ငန်း (Nature-based
Solutions) သဘောတရားများကို နားလည်ပြီးလက်တွေ့နယ်ပယ်၌အသုံးချနိုင်သည့်
ကျွမ်းကျင် ပညာရှင်များမွေးထုတ်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
အဆိုပါလုပ်ငန်းစဉ်များကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ ပင်မလုပ်ငန်းစဉ်နယ်ပယ်တစ်ရပ်အဖြစ်
တိုးမြှင့်သင်ကြားပေးနိုင်ရေး၊ သစ်တောပညာရပ် ဘွဲ့ကြို၊ ဘွဲ့လွန်ဆိုင်ရာသင်တန်းများသာမက
ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံဘွဲ့ရပညာရှင်များကိုပါ မွေးထုတ်နိုင်ရေး၊ ဘွဲ့ကြိုသင်တန်းများ
ဖွင့်လှစ်သွားနိုင်ရေးကို ဆက်လက်လုပ်ဆောင်သွား ကြရမည်ဖြစ်ပါကြောင်း။
ပံ့ပိုးကူညီပေးခြင်းဆောင်ရွက်
အလေးအနက်ထား ပြောကြားလိုသည်မှာ ကျောင်းသား
ကျောင်းသူများ၏ “ပဲ့ကိုင်ရှင်များ” ဖြစ်ကြသည့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍဖြစ်ပါကြောင်း၊
အာစရိယအနွယ်ဝင် ဆရာဆရာမများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်များကို စဉ်ဆက်
မပြတ်မြှင့်တင်ပေးခြင်း၊ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်စေခြင်း၊
ပြည်တွင်း၊ ပြည်ပအတွေ့အကြုံများရရှိစေရေး စီမံ ပေးခြင်း၊ သီအိုရီနှင့် လက်တွေ့ပေါင်းစပ်နိုင်သည့်
ကျွမ်းကျင်မှုများ ရရှိစေရေးအတွက် ပံ့ပိုးကူညီပေး ခြင်းတို့ကို အလေးအနက်ထားဆောင်ရွက်ပေးရန်
တိုက်တွန်းပြောကြားလိုပါကြောင်း။
သက်တမ်း နှစ် (၁၀၀) ပြည့်ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ကြီးမှ နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး
နှင့် ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးတို့တွင် သစ်တောများ၏အရေးပါမှုကိုသိရှိပြီး
မိမိပညာရပ်ကို တန်ဖိုးထားဂုဏ်ယူတတ်သည့် ပညာတတ်မျိုးဆက် သစ်များဆက်လက်မွေးထုတ်ပေးနိုင်ပါစေ၊
အရေးပါ သည့် သစ်တောများ၊ တန်ဖိုးမဖြတ်နိုင်သည့် သဘာဝဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများ
ရေရှည်တည်တံ့စေရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရှင်များတိုးတက်ဖြစ်ထွန်းပေါ်ပေါက်ပါစေ၊
တက္ကသိုလ်၏ရည်မှန်းချက်ဖြစ်သည့် “ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်
သစ်တောကဏ္ဍဆိုင်ရာပညာရေး၊ သုတေသနနှင့်ဝန်ဆောင်မှုများပေးစွမ်းနိုင်သည့်
အဆင့်မီတက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နိုင်ရေး” ဆိုသည့်အချက်ကို
ပြည့်ပြည့်ဝဝအကောင်အထည် ဖော်နိုင်ပါစေ၊ စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင်သည့်
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ကြီးအဖြစ် ရာပြည့်မှသည်ဆက်လက်ပြီး
အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
သစ်တောပညာ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၁၀၀ ကို
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်
ထံပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က သစ်တောပညာနှစ် (၁၀၀) ပြည့် အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့်
အထက်တန်းအဆင့် ကဗျာ၊ ဆောင်ပါး၊ ဉာဏ်စမ်း ပဟေဠိ၊ စာစီစာကုံးပြိုင်ပွဲများတွင်
ပထမဆုရရှိခဲ့ ကြသူများကို ဆုများပေးအပ်ချီးမြှင့်သည်။
ဆုများပေးအပ်ချီးမြှင့်
ဆက်လက်ပြီး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
စိုးဝင်းက သစ်တောပညာ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်တက္ကသိုလ်အဆင့်နှင့်
အထက်တန်းအဆင့်ကဗျာ၊ ဆောင်ပါး၊ ဉာဏ်စမ်းပဟေဠိ၊ စာစီစာကုံးပြိုင်ပွဲများတွင်
ဒုတိယဆုရရှိသူများကိုလည်းကောင်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
ရဲဝင်းဦး က တတိယဆုရရှိကြသူများကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊
အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ
ကျောင်းသားကျောင်းသူများက “ဂုဏ်ပြုညွှန်းဖော် သစ်တောပညာ ရာပြည့်ပွဲတော်” သရုပ်ဖော်ဖြင့်
ဖျော်ဖြေတင်ဆက်ခြင်း၊ တက္ကသိုလ်၏ရာပြည့်ဗီဒီယို မှတ်တမ်းအားပြသခြင်း၊ “ထာဝရမြန်မာ”
တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ “သစ်တောနှင့်ပတ်ဝန်းကျင်တေးသီချင်း (MTV)” ဖြင့် တင်ဆက်ခြင်း၊
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ “ကမ္ဘာကြီးကို ချစ်သောတို့ရဲ့ အမိတက္ကသိုလ်”
Theme Song ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများဖြင့်
ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှု အားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က
ဖျော်ဖြေတင်ဆက်ခဲ့သည့်အနုပညာရှင်များနှင့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
အခမ်းအနား တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပြခန်းများကို
လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်







No comments:
Post a Comment