မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သော နိုင်ငံများတွင်ပါဝင်သည်။ နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ်ကို အနည်းနှင့်အများကြုံတွေ့ရလေ့ရှိသည်။ နွေအကုန်မိုးကာလအကူး ရာသီအပြောင်းအလဲ မေလ၌ အလွန့်အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း“မိုခါ” ကို ကြုံတွေ့ခဲ့ရသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့် ဤအချိန်ကာလမျိုးတွင် အလားတူနာဂစ်မုန်တိုင်းနှင့် ကြုံတွေ့ခဲ့ဖူးသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်
ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဦးတည်တိုက်ခတ်ခဲ့စဉ်က
မိုးလေဝသသတင်းများကို အလေးမထားမှု၊ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှု၊
မုန်တိုင်းနှင့်ပတ်သက် သည့် အသိအမြင်ဗဟုသုတနည်းပါးမှု စသည့် အားနည်းချက်များကြောင့်
လူတစ်သိန်းကျော်သေဆုံးခဲ့ရပြီး လူ ၁၁ သန်းကျော် ထိခိုက်ခံစားခဲ့ရသည်။ နေအိမ်အဆောက်အအုံ ခုနစ်သိန်းခွဲကျော်ပျက်စီးခဲ့ပြီး
ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၀ ဒသမ ၈ ထရီလီယံအထိရှိသည်။ ယခု ၂၀၂၃ ခုနှစ် မေလ
၁၄ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ရခိုင်ပြည်နယ်သို့ဦးတည်တိုက်ခတ်မှုကြောင့်
မေလ ၂၀ ရက်နေ့စာရင်းအရ လူ ၁၄၈ ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အအုံတစ်သိန်းကျော်
ပျက်စီးဆုံးရှုံးခဲ့ သည်။
“နာဂစ်”ဆိုင်ကလုန်းမုန်တိုင်းနှင့်
“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းတို့၏ တိုက်ခတ်မှုပြင်းအား များစွာကွာခြားမှုမရှိသော်လည်း
ထိခိုက်ဆုံးရှုံးမှုပမာဏမှာ များစွာကွာခြားခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ဆုံးရှုံးမှုပမာဏ
သိသာစွာကွာခြားသွားရသည်မှာ မုန်တိုင်းမဖြစ်ပေါ်မီကတည်းက နိုင်ငံတော်အကြီးအကဲ၏
ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်
ကျရောက်နိုင်မှုအခြေအနေကို မပြတ်လေ့လာစောင့်ကြည့်၍ ကြိုတင်စီမံခန့်ခွဲထားခြင်း၊
ဖြစ်ပေါ်နေသောသဘာဝဘေးဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ
ဆောလျင်စွာထုတ်ပြန်နိုင်ခြင်း၊ ဘေးအန္တရာယ်ကျရောက်နိုင်သည့်ဒေသများမှ
ပြည်သူများအား ကြိုတင်ပြောင်းရွှေ့ထားခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအားလုံးကို
စနစ်တကျ ဆောင်ရွက်ထားခြင်း၊ ဘေးအန္တရာယ်ကျရောက်သည်နှင့် ရှာဖွေကယ်ဆယ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ချက်ချင်းအကောင် အထည်ဖော်ဆောင်ရွက်ခြင်းစသည့်
ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မှုကြောင့် မုန်တိုင်းကြောင့်ထိခိုက်ဆုံးရှုံးမှုကို
သိသာစွာလျှော့ချနိုင်ခြင်း ဖြစ်သည်။
ယခုအခါ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့်
ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်အပါအဝင် အခြားဒေသများအားလုံးတွင်
ကူညီထောက်ပံ့စောင့်ရှောက် ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ
မပြတ်ကြပ်မတ်ဆောင်ရွက်မှုဖြင့် မူလအခြေအနေမပျက် ပြန်လည်ရပ်တည်နိုင် အောင်၊
မူလအခြေအနေထက် ပိုမိုကောင်းမွန်လာအောင် လျင်လျင်မြန်မြန် ထိထိ ရောက်ရောက် ဆောင်ရွက်ပေးနေသည်ကို
တွေ့ရမည်ဖြစ်သည်။ ယခုရာသီကာလသည် မုန်တိုင်းသဘာဝ ဖြစ်ပေါ်တတ်သည်နှင့်အညီ
မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်း ဒဏ်ကို ဦးစွာတွေ့ကြုံခဲ့ရပြီဖြစ်သည်။
မုန်တိုင်းဟူသည် ကြိုတင်မခန့်မှန်းနိုင်သော ဖြစ်စဉ်သဘာဝဖြစ်၍ ဆက်လက်ကြုံတွေ့နိုင်သော
သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို ယခုကဲ့သို့ပင်
ကြိုတင်ပြင်ဆင်သတိယှဉ်ထားရမည်ဖြစ်သည်။
မုန်တိုင်းနှင့်ပတ်သက်ပြီး ကြုံတွေ့ခဲ့ရပြီးဖြစ်၍
ပြည်သူများအနေဖြင့် “ပွဲပြီး မီးသေ” သဘောမျိုးမမှတ်ယူဘဲ မုန်တိုင်းရာသီကာလအစဖြစ်၍
ထပ်မံပေါ်ပေါက်လာနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို မိုးလေဝသဌာနမှအချိန်နှင့်
တစ်ပြေးညီ ထုတ်ပြန်အသိပေးမှုများကို အမြဲမပြတ်အလေးထားနေရမည်ဖြစ်သည်။ လတ်တလောတွင် မြန်မာတစ်ပြည်လုံး၌
မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေပြီး အဆိုပါမိုးတိမ်တောင်များ
ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊
မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ
ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားသည်။ အထူးသဖြင့်
ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ချောင်းအနိမ့်ပိုင်းများအနေဖြင့်
သတိမပြတ်ရှိနေရမည်ဖြစ်သည်။
မေလ ၂၄ ရက်နေ့က တိုင်းထွာချက်များအရ အရှေ့ဘက်မှရွေ့လျားလာသော
လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပြန်တက်တိမ်များဖြစ်ထွန်းမှု
အားကောင်းခြင်းကြောင့်လည်းကောင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော
တိုင်ဖွန်းမုန်တိုင်း “မဝါ”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း
ယခုမေလကုန်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး
အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းနှင့်
လေပြင်းတိုက်ခတ်ခြင်းတို့ကို သတိပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ
ကြုံတွေ့ခဲ့ရပြီးဖြစ်သည့် မုန်တိုင်းအန္တရာယ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
အားစိုက်လုပ်ကိုင်နေသကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကိုလည်း ယခုစွမ်းအားများအတိုင်း
မလျော့တမ်းကျော်လွှားသွားမည်ဖြစ်ပါကြောင်း။
။

No comments:
Post a Comment