အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် မေလ ၁၀ ရက်(ယနေ့)တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင် ပြီး မေလ ၁၁ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိကာ ထိုမှတစ်ဆင့်မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်း သို့ ရွေ့လျားနိုင်ကြောင်း မိုး/ဇလက မေလ ၉ ရက် ည ၇ နာရီ အချိန်တွင်ထုတ်ပြန်ထားသည်။ မုန်တိုင်းဖြစ်ပေါ်လာချိန်တွင် မုန်တိုင်းရွေ့လျားနိုင်မည့်လမ်းကြောင်းကို ပိုမိုတိကျစွာ ခန့်မှန်း နိုင်မည်ဖြစ်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုကော်မတီသည် မုန်တိုင်းဝင်ရောက်လာမည်ဆိုပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို
ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မေလ ၆ ရက် စနေနေ့ရုံးပိတ်ရက်တွင်ပင် အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို
ခေါ်ယူကျင်းပပြီး သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့်
ပြန်လည်ထူထောင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြပြီး မေလ ၈ ရက်နေ့တွင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရုံးအမှတ် (၂၃) တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစင်တာ
(Disaster Mana-gement Center- DMC) ကို ဖွင့်လှစ်ရန်လည်း ဆုံးဖြတ်ခဲ့သည်။ DMC သည်
ဖြစ်ပေါ်လာနိုင်သည့်ဆိုင်ကလုန်း မုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးသွားနိုင်မည့်
ဗဟိုဌာနဖြစ်သည်။
တပ်မတော်ကလည်း
သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေးအတွက် လိုအပ်သည့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိရာ
သဘာဝဘေးအန္တရာယ်ကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဥက္ကဋ္ဌကိုယ်တိုင် ဦးစီးပြီး လုပ်ငန်းကော်မတီကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊
လေ) က ဦးစီးဆောင်ရွက် လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
တပ်မတော်တပ်ရင်းတပ်ဖွဲ့များအား “သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အမိန့် စောင့်စရာမလိုဘဲ
ပြည်သူလူထုကိုအမြန်ဆုံးကူညီရမည်” ဟူ၍ ညွှန်ကြားထားပြီးလည်းဖြစ်သည်။
သဘာဝဘေးအန္တရာယ်များကို ဖြစ်မလာအောင်တားဆီး၍ မရနိုင်သည့်အလျောက် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်အတွက်သာ
သဘာဝဘေးအန္တရာယ်များ ကျရောက်မလာမီ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ကြရခြင်းဖြစ်ရာ
နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများနှင့် တပ်မတော်တို့သာမက ပြည်သူတစ်ရပ်လုံးကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန်
တာဝန်ရှိသည်။
ယနေ့ကမ္ဘာကြီးသည်
လွန်ခဲ့သည့် နှစ် ၅၀ ကျော်ခန့်က ကမ္ဘာကြီးနှင့်နှိုင်းယှဉ်ပါက ရာသီဥတုဆိုင်ရာသဘာဝဘေးအန္တရာယ်များ
ငါးဆအထိတိုးလာခဲ့ပြီဟုဆိုသည်။ သို့သော် လူသားတို့ဘက်တွင်လည်း သဘာဝဘေးအန္တရာယ်ကြိုတင်
သတိပေးနိုင်မှုများ ဖွံ့ဖြိုးတိုးတက်လာခဲ့သလို သဘာဝဘေးအန္တရာယ်လျော့ပါးရေးစီမံခန့်ခွဲမှုများ
ပိုမိုကောင်းမွန်လာခဲ့ခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မှုအတွင်း လူသားတို့သေဆုံးမှုများကို
လွန်ခဲ့သည့်နှစ် ၅၀ နှင့်နှိုင်းယှဉ်ပါက သုံးဆအထိ လျှော့ချနိုင်ခဲ့သည်ဟုလည်းဆိုသည်။
အဓိကအချက်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရမှုများ လျော့ပါးသက်သာရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများတွင်
ပြည်သူလူထုကို စည်းရုံးနိုင်မှုနှင့် ပြည်သူလူထု၏ နိုးကြား တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများက
အရေးပါခြင်းပင်ဖြစ် သည်။
မြန်မာနိုင်ငံသည်
ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှု အခြေအနေမြင့်မားသည့် နိုင်ငံများထဲတွင်
ပါဝင်နေသည့်အပြင် ဆိုးရွားပြင်းထန်သည့် ရာသီဥတုအစွန်းရောက်ဖြစ်စဉ်များနှင့်လည်း ကြုံတွေ့နေရ
သည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် မိမိတို့ နေထိုင်ရာဒေသ များအလျောက် ဖြစ်ပေါ်လာနိုင်သည့်
သဘာဝဘေးအန္တရာယ် များကို ကြိုတင်မျှော်တွေး၍ သတိဖြင့်နေထိုင်ခြင်း၊ ကြိုတင်ကာကွယ်မှုများ
ပြုလုပ်ခြင်း၊ နိုးကြားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ရင်ဆိုင်ကျော်လွှား
နိုင်ကြပါစေကြောင်း။ ။

No comments:
Post a Comment