သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ အသိပေးထုတ်ပြန်လျက်ရှိသည်။ ယခုလက်ရှိဖြစ်ပေါ်နေသော မုန်တိုင်းနှင့်ပတ်သက်၍ ဖြတ်သန်းကျော်ဖြတ်မည့် အခြေအနေများသည် ခန့်မှန်းချက်များသာဖြစ်သည်။ ခန့်မှန်းချက်များမှာ အချိန်ကာလဖြစ်ပေါ်မှုများအရ အမျိုးမျိုးပြောင်းလဲသွားနိုင်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် မုန်တိုင်းနှင့်ပတ်သက်ပြီး မျက်ခြည်မပြတ်စောင့်ကြည့်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည်။
အကယ်၍
မုန်တိုင်းဝင်လာပါက အရေးကြီးပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ခွဲဆောင်ရွက်ရန်
ညွှန်ကြားထားပြီးဖြစ်ပြီး လက်တွေ့လည်းဆောင်ရွက်နေသည်။ ပြည်သူများအပေါ်ကျရောက်လာမည့်
သဘာဝဘေးအန္တရာယ်ကို အဆုံးအရှုံးအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရေးဆောင်ရွက်နေသည်။ မုန်တိုင်းသည်
အခြားနေရာသို့ပြောင်းရွှေ့သွားပါက ကြိုတင်ပြင်ဆင်ခြင်းမှ လက်တွေ့လေ့ကျင့်နိုင်မှုအကျိုးများ
ရရှိမည်ဖြစ်သည်။ မုန်တိုင်းနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆောင်ရွက်ခြင်း၊
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တုံ့ပြန်ဆောင်ရွက်ခြင်းများကို ပြုလုပ်နေပြီဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုအဖြစ်
ထိခိုက်ခံရနိုင်ခြေများသည့် ဒေသများဖြစ်သော ဧရာဝတီတိုင်းဒေသကြီးတွင် သဘာဝဘေးဒဏ်ခံခိုလှုံသည့်
အဆောက်အအုံများအဖြစ် ဆိုင်ကလုန်းရှက်တာ ၄၇ ခု၊ ဘေးဒဏ်ခံတည်ဆောက်ပြီး ၁၁၈ ခု၊ တည်ဆောက်ဆဲ
၁၇ ခုရှိသည်။ ကယ်ဆယ်ရေးပစ္စည်းများကိုလည်း စုပုံထားရှိသည်။ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့်
တိုင်းဒေသကြီးအဆင့်တစ်ခု၊ ခရိုင် အဆင့်ခြောက်ခု၊ မြို့နယ်အဆင့်ခြောက်ခုတို့တွင် အိမ်ထောင်စု
၆၀၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ကိုယ်တာအလိုက် အသုံးပြုမည့်ကယ်ဆယ်ရေးနှင့် ပတ်သက်သည့်ပစ္စည်းများကို
ဖြန့်ခွဲထားသည်။ ပြည်သူများ ဝတ်ရန်၊ စားရန် အဝတ်အထည် စားသောက်ကုန်များသာမက အိုးခွက်၊
ပန်းကန်၊ စောင်၊ ခြင်ထောင်များပါ အသင့်ပြုလုပ်ထားသည်။
ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်၍
အရေးပေါ်သုံးဖိုက်ဘာစက်လှေ ၅၉ စင်း၊ အသက်ကယ်အင်္ကျီ အထည် ၂၅၀၀ ခန့်နှင့် အသက်ကယ်ဗောကွင်း၊
ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်း ဖြန့်ခွဲထားပေးပြီးဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး
အနေဖြင့် ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်း၊ သုံးခွစသည့်မြို့နယ်များ၊ မြစ်ဝကျွန်းပေါ်နှင့်နီးသည့်
နေရာဒေသများ၊ ကမ်းရိုးတန်းနှင့်နီးသော နေရာဒေသများတွင် ဆိုင်ကလုန်းရှက်တာများအပါအဝင်
နားခိုစရာအဆောက်အအုံ ကိုးလုံးကို တည်ဆောက်ပေးထားပြီးဖြစ်သည်။ ထို့အပြင် အိမ်ထောင်စု
၅၀၀၀ စာအတွက် ထောက်ပံ့ရေးပစ္စည်းများကို အသင့်စုပုံထားပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်သူများအား အသိပေးထား သည်။ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍
နားခိုစရာအဆောက်အအုံတည်ဆောက်ပြီး ၅၄ လုံးနှင့် တည်ဆောက်ဆဲခြောက်လုံးရှိသည်။ ကျောက်ဖြူ၊
မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ ဂွစသည့်မြို့များတွင် တည်ဆောက်ပေးထားသည်။
သိုလှောင်ထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်ပတ်သက်၍ ပြည်နယ်အဆင့် တစ်ခု၊ ခရိုင်အဆင့်
ငါးခု၊ မြို့နယ်အဆင့် သုံးခု၊ အိမ်ထောင်စု ၉၀၀၀ ခန့်အတွက် ထောက်ပံ့ပေးမည့်ပစ္စည်းများကို
အသင့်ပြုလုပ်ထားသည်။ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံများ၊
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာလျှင် နားခိုရန်အတွက် အဆောက်အအုံ ၁၄၃ လုံး အသင့်ပြုလုပ်ထားသည်။
မုန်တိုင်းကဲ့သို့ သဘာဝဘေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက ထိုသို့အစစအရာရာအဆင်ပြေအောင်
ဆောင်ရွက်ပေးထားသည့်အတွက် ပြည်သူလူထုအနေဖြင့် စိုးရိမ် သောကများလျော့ပါးပြီး စိတ်နှလုံးအေးမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့်
ယခုဖြစ်ပေါ်နေသော မုန်တိုင်းနှင့်ပတ်သက်၍ စိုးရိမ်မှု လွန်လွန်ကဲကဲမဖြစ်စေရန် လိုအပ်ပေသည်။
အခြားတရားမဝင် သတင်းဌာနများနှင့် အခြေအမြစ်မရှိသော မမှန်မကန်ပြောဆိုမှုများကို နားမယောင်မိရန်လိုပြီး
နိုင်ငံပိုင်မီဒီယာများနှင့် မိုးလေဝသညွှန်ကြားမှုဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ အသိပေး
ထုတ်ပြန်ချက်များအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ အာဏာပိုင်အဖွဲ့အစည်းများက အသိပေးဆောင်ရွက်လျက်ရှိသည့်
မုန်တိုင်းကျရောက်စဉ်လုပ်ဆောင် ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များကို အလေးထားနားထောင်မှတ်သား၍
ဆောင်ရွက်ကြပါရန် အကြံပြုလိုသည်။
သို့ဖြစ်ရာ
လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးနှင့်ပတ်သက်၍ ကောလာဟလသတင်းများကို မယုံစားဘဲ တရားဝင်သတင်းများကို
နားစွင့်ကြရန်လိုပါသည်။ နိုင်ငံတော်အကြီးအကဲက “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ”ဟု
ပြောကြားထားသည့်အတိုင်း ပြည်သူများသဘာဝဘေးအန္တရာယ်မှ ထိခိုက်မှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်ရန်
အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။ ။

No comments:
Post a Comment