Monday, May 8, 2023

ဆိုင်ကလုန်း မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့် ခန့်မှန်းချက် သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

 


နေပြည်တော် မေ ၇

ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်သတင်းများ ထွက်ပေါ်လာမှုနဲ့ပတ်သက်ပြီး ‌အခုအချိန်မှာအချို့သော သတင်းမီဒီယာများက နာဂစ်မုန်တိုင်းကဲ့သို့ ပြင်းထန်မယ်ဆိုပြီး ပြောကြားလျက်ရှိနေပါတယ်။ ပြည်သူလူထုအနေနဲ့ အဆိုပါသတင်းများကိုကြည့်ရှုပြီး စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ် လျက်ရှိနေပါတယ်။ ဒါကြောင့်မုန်တိုင်းရဲ့ လက်ရှိအခြေအနေနဲ့အစိုးရရဲ့စီမံ ဆောင်ရွက်ထားမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ အခုလို ဖြေကြားထားပါတယ် -







ဖြေ။ ။   ပထမဆုံးအနေနဲ့ သဘာဝဘေးအန္တရာယ်အခြေအနေ၊ မြန်မာနိုင်ငံကိုဆိုင်ကလုန်းမုန်တိုင်း ရောက်ခဲ့မှုအခြေအနေ ဒီဟာတွေပြီးရင်တော့ နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူလူထုကို အသိပေးချင်တာလေးတွေ ဖြေကြားပေးပါမယ်။

ကမ္ဘာမှာတော့ သဘာဝဘေးအန္တရာယ် ကျရောက်မှုက တစ်နှစ်ထက်တစ်နှစ်တော့ ပိုများလာတာရှိပါတယ်။ ၁၉၈၀ ပြည့်နှစ် မတိုင်ခင်တုန်းကတော့ ပျမ်းမျှတစ်နှစ်ကို ခန့်မှန်း အကြိမ် ၆၀ လောက်ဖြစ်တယ်လို့ ထုတ်ပြန်ထားတာတွေရှိပါတယ်။ ၂၀၀၅ ခုနှစ်မှာကတော့ တစ်နှစ်ကို အကြိမ် ၂၄၀၊ သုံးဆလောက်ဖြစ်တယ်။ ၂၀၁၅ ခုနှစ် မှာကတော့ ၅၃၇ ကြိမ်ဖြစ်လာတယ်ဆိုတာ တွေ့ရပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုတာလည်း ကြိုတင်ပြီးချိန်းဆိုထားတဲ့ အရာမဟုတ်တော့ ဘယ်လိုပဲတိုးတက် ခေတ်မီတဲ့ကိရိယာတွေ အသုံးပြု၍ အသေးစိတ် တိကျစွာခန့်မှန်းတွက်ချက်ဖို့ ခက်ပါတယ်။ ဒါကြောင့်မို့ အရေးကြီးတာ က သဘာဝဘေးအန္တရာယ်ကို ကာကွယ်တာ၊ ပြန်လည်ထူထောင်တာ လျင်လျင်မြန်မြန် ပြန်လည်တုံ့ပြန်နိုင်တဲ့စွမ်းရည် ပိုပြီးအဓိကကျပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မေလအတွင်းမှာ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်ခဲ့မှု ၁၄ ကြိမ်ရှိပါတယ်။ ၁၉၆၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိအပြင်းထန် ဆုံးက ၁၉၉၄ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းလေတိုက်နှုန်း ၁၄၅ မိုင် လောက်ရှိပါတယ်။ ၂၀၀၈ ခုနှစ် ဧရာဝတီ တိုင်းဒေသကြီးမှာဖြစ်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း လေတိုက်နှုန်း ၁၄၅ မိုင်ရှိပါတယ်။ လက်ရှိမုန်တိုင်းအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သတိထားပြီးစောင့်ကြည့်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီနေရာမှာ ခုနကပြောခဲ့သလို ခန့်မှန်းတွက်ချက်မှုတွေပဲ ရှိပါတယ်။ ခန့်မှန်းတွက်ချက်မှုလုပ်တဲ့နေရာမှာ စံထားသုံးခုနဲ့ ဆောင်ရွက်ပါတယ်။ တစ်ခုကတော့ Global Forecasting Models(GFS) ဒေတာတွေနဲ့ လုပ်တယ်။ နောက်တစ်ခုကတော့ European Center for Medium-range Weather Forecasts(ECMWF)ဒေတာနဲ့ ခန့်မှန်းထားတာရှိတယ်။ ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက Global Fore-casting Models(GFS)နဲ့လုပ်ထားတာ ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ခန့်မှန်းချက်တွေအရတော့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မေ ၈ ရက် လောက်မှာ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းက အားကောင်းပြီး ၉ ရက်နေ့ လောက်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာမြောက်ဘက်ကို ရွေ့လျား နိုင်တယ်လို့ ခန့်မှန်းထားတာရှိပါတယ်။ ဒီလိုခန့်မှန်းတဲ့နေရာမှာလည်း သုံးခုကို GFS ဒေတာကို ခန့်မှန်းထားတာကတော့ မေ ၁၂ ရက် ညနေပိုင်း ၆ နာရီ ကျော်ကျော်လောက်မှာ ဧရာဝတီတိုင်း ဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီး အနီးကနေဖြတ်နိုင်တယ်လို့ ခန့်မှန်းပြီး ယူရိုပီယံရဲ့ ခန့်မှန်းချက်ကတော့ မေ ၁၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်ဖြူကြားဖြတ်နိုင်တယ်ဆိုပြီး ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက GFS နဲ့ ခန့်မှန်းတာကတော့ မေ ၁၅ ရက် မနက်ပိုင်း လောက်မှာ ရခိုင်ပြည်နယ် စစ်တွေအနီးဖြတ်ကျော်နိုင်တယ်ဆိုပြီးတော့မှ ခန့်မှန်း ထားတာရှိပါတယ်။ ဒါတွေကို သုံးသပ် ကြည့်တော့ လမ်းကြောင်းနှစ်ခု တွေ့ရပါတယ်။ တစ်ကတော့ ရန်ကုန်တိုင်း ဒေသကြီး ဖျာပုံမြို့နယ်နဲ့ ကုန်းတွင်း မုန်တိုင်းအဖြစ်ဝင်ရောက်နိုင်ပြီး လမ်းကြောင်း နှစ်ကတော့ ရခိုင်ပြည်နယ် ဖြတ်ပြီး စစ်တွေနဲ့ ကျောက်ဖြူကြားမှာ ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် ရောက်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါတွေ ကတော့ခန့်မှန်းချက်ဖြစ်ပြီး ဒါထက် ပိုပြီး တိကျတာကတော့ မုန်တိုင်းငယ်အဖြစ်ကူးပြောင်းပြီးမှ လမ်းကြောင်းကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ အကြမ်းဖျင်း ခန့်မှန်းချက်ကတော့ မြန်မာနိုင်ငံအတွင်း ကို မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ လောက်မှာ မုန်တိုင်းဝင်ရောက်လာနိုင်တယ်လို့ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်ဖြစ်မလာသေးဘူးပေါ့။ သွားတဲ့လမ်း ကြောင်းတွေကြည့်ပြီး တိကျစွာခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ ခန့်မှန်းချက်အားလုံး ကတော့ တိုင်းထွာတဲ့အချိန်ရယ်၊ အသုံးပြုတဲ့ပုံစံနဲ့ အသုံးပြုတဲ့ဒေတာတွေပေါ်မှာမူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါသေးတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနအနေနဲ့ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ မုန်တိုင်းဖြစ်လာပြီဆိုရင်လည်း မုန်တိုင်းအဆင့် သတ်မှတ်ချက်တွေဖြစ်တဲ့ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အညိုရောင်အဆင့်၊ အစိမ်းရောင်အဆင့် ဒါတွေနဲ့ အချိန်မီပြည်သူတွေသိအောင် ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ အဝါရောင်အဆင့်ကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်အော် မုန်တိုင်းစတင် နေပြီ အဆင့်မျိုး၊ လိမ္မော်ရောင်အဆင့်ဆိုရင်စတင်ပြီးတော့ ခန့်မှန်းချက်တွေအရ မြန်မာ့ကမ်းရိုးတန်းကိုဦးတည်နေပြီး အဝါရောင်အဆင့်ဆိုရင်ဖြင့် မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းကိုနီးကပ်နေတဲ့အချိန်၊ အညိုရောင်အဆင့်ကတော့ မြန်မာ့ကမ်းရိုးတန်းဖြတ်ကျော်နေတဲ့အချိန်၊ အစိမ်းရောင်အဆင့်ကတော့ ကုန်းတွင်းပိုင်းဝင်ရောက်အားပျော့တဲ့ အချိန် ဒါတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာအလေးထားပြီးပြောရမယ် ဆိုရင် မုန်တိုင်းငယ်အဖြစ်မရောက်သေးပါဘူး။ လေဖိအားနည်းရပ်ဝန်းအဆင့် ရှိပါသေးတယ်။ ခန့်မှန်းတွက်ချက်မှုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ပေါ့ဆလို့မရပါဘူး။ နိုင်ငံပိုင်မီဒီယာများဖြစ်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နိုင်ငံပိုင် Radio FM တို့မှတစ်ဆင့် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ကြေညာချက်တွေ၊ မုန်တိုင်းသတိပေးချက် တွေကိုလည်း ကြေညာပေးနေပါတယ်။ ဒါ့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ရေးအော်ပရေတာမှတစ်ဆင့် ပြည်သူလူထုကိုင်တဲ့ဖုန်းထဲကို SMS တွေပေးပို့ပြီးသတိပေးလျက်ရှိပါတယ်။ အခြားမီဒီယာတွေကလည်း ထုတ်လွှင့်နေတာရှိပါတယ်။ ကျွန်တော်ပြောချင်တာက ခန့်မှန်းတွက်ချက်မှုတွေဖြစ်ပြီး စိုးရိမ်မှုလွန်ကဲမှု မလိုအပ်သလို ပေါ့လျော့လို့လည်း မရပါဘူး။ နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မုန်တိုင်းအခြေအနေနဲ့ပတ်သက်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်ကာ အလေးထားဆောင်ရွက် လျက်ရှိပါတယ်။ ဝန်ကြီးချုပ်ညွှန်ကြားချက်နဲ့မနေ့ကပဲ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်း အဝေးကို ကော်မတီဥက္ကဋ္ဌဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးစီးပြီးဆောင်ရွက်ခဲ့ပါတယ်။ အဓိကအချက် လေးချက်ဆွေးနွေးခဲ့ပြီး (၁) ကတော့ မုန်တိုင်းဝင်လာမည်ဆိုရင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အခုကတည်းကကြိုတင်ပြင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးမှာ မုန်တိုင်းဝင်လာရင် အရေးကြီးပစ္စည်းတွေဖြစ်တဲ့ ဆက်သွယ်ရေးစက်၊ ကယ်ဆယ်ရေးပစ္စည်းတွေကိုဖြန့်ခွဲပြီးပို့ဖို့ အခုကတည်းကညွှန်ကြားလိုက်ပြီး ဖြစ်ပါတယ်။ ဆောင်ရွက်နေပြီလည်း ဖြစ်ပါတယ်။ ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံး အနည်းဆုံးနဲ့ကျော်လွှားနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ (၃)အချက်အနေနဲ့ကတော့ မုန်တိုင်းက အခြားနေရာကို ပြောင်းသွားရင်လည်း ကြိုတင်ပြင်ဆင်ခြင်းက လေ့ကျင့်ခြင်း အကျိုးကျေးဇူးရရှိမှာ ဖြစ်ပါတယ်။ (၄)အချက်အနေနဲ့ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောင်ရွက်ခြင်းတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်တုံ့ပြန် ဆောင်ရွက်ခြင်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလားတူပါပဲ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီရဲ့အောက်မှာ လုပ်ငန်းကော်မတီ ၁၂ ခုရှိပါတယ်။ ဥပမာ- ရှာဖွေ ကယ်ဆယ်ရေးဆပ်ကော်မတီ၊ ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီ၊ ကျန်းမာ ရေးဆပ်ကော်မတီ၊ ပြန်လည်ထူထောင် ရေးဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီ အသီးသီးကလည်း လုပ်ငန်းတွေကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကြိုတင် ပြင်ဆင်မှုထိခိုက်ခံရနိုင်ခြေများတဲ့နေရာတွေကို ဧရာဝတီတိုင်းမှာဆိုရင် ဘေးဒဏ်ခံ နားခိုတဲ့အဆောက်အအုံတွေ၊ ဆိုင်ကလုန်း ရှက်တာ ၄၇ ခု၊ ဘေးဒဏ်ခံ တည်ဆောက် ပြီး ၁၁၈ ခု၊ တည်ဆောက်ဆဲ ၁၇ ခုရှိပါတယ်။ ကယ်ဆယ်ရေးပစ္စည်းများကို လည်း စုပုံထားပြီးဖြစ်ပါတယ်။ ကယ်ဆယ် ရေးပစ္စည်းသိုလှောင်တဲ့ တိုင်းအဆင့်မှာ တစ်ခု၊ ခရိုင်အဆင့်မှာ ခြောက်ခု၊ မြို့နယ်အဆင့်မှာ ခြောက်ခုမှာအိမ်ထောင်စု ၆၀၀၀ အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ၊ အသုံးပြုရမယ့် ကယ်ဆယ်ရေးပစ္စည်းတွကို ဖြန့်ခွဲထားပြီးဖြစ်ပါတယ်။ ကယ်ဆယ် ရေးပစ္စည်းတွေမှာ သူ့ကိုယ်တာအလိုက်ပါပါတယ်။ ဝတ်ဖို့၊ စားဖို့ လုံချည်၊ ထဘီ ကအစစောင်ထူနဲ့ ခြင်ထောင်တွေကအစ ချက်ပြုတ်စားသောက်ဖို့အတွက် ဒန်အိုး၊ ဇလုံ ဒါတွေကအစမိုးရေခံတာပေါ်လင်စများကို ခန့်မှန်းတွက်ချက်၍ စုပုံထားပြီး ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အရေးပေါ်သုံး ပစ္စည်းတွေအနေနဲ့ ဖိုက်ဘာ စက်လှေ ၅၉ စင်း၊ အသက်ကယ်အင်္ကျီ အထည် ၂၅၀၀ ခန့်နဲ့ အသက်ကယ်ဘောကွင်း၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တို့ကိုလည်းဖြန့်ခွဲထားပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ခရမ်းသုံးခွမြို့နယ်တွေ၊ မြစ်ဝကျွန်းပေါ်နဲ့နီးတဲ့ နေရာတွေ၊ ကမ်းရိုးတန်းနဲ့နီးတဲ့ နေရာတွေမှာ ဆိုင်ကလုန်း ရှက်တာ အပါအဝင် နားခို စရာ အဆောက်အအုံ ကိုးလုံး တည်ဆောက် ပြီးဖြစ်ပါတယ်။ ပြီးရင် အိမ်ထောင်စု ၅၀၀၀ အတွက် ထောက်ပံ့ရေးပစ္စည်းတွေ စုပုံထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နားခိုရာအဆောက်အအုံ တည်ဆောက် ပြီး ၅၄ လုံးနဲ့ တည်ဆောက်ဆဲ ခြောက်လုံး ဖြစ်ပါတယ်။ ကျောက်ဖြူ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ တောင်ကုတ်၊ ဂွမြို့ တွေမှာ ရှိပါတယ်။ သိုလှောင်ထားတဲ့ ပစ္စည်းတွေ ပြည်နယ်အဆင့် တစ်ခု၊ ခရိုင်အဆင့် ငါးခု၊ မြို့နယ်အဆင့် သုံးခု၊ အိမ်ထောင်စု ၉၀၀၀ ခန့်အတွက် ထောက်ပံ့မယ့်ပစ္စည်းတွေ အသင့်ရှိပြီး ဖြစ်ပါတယ်။

အရေးပေါ်သုံးမယ့် ဖိုက်ဘာစက်လှေ ၃၃ စင်း၊ အသက်ကယ်အင်္ကျီ ၅၀၀၀ ကျော်၊ ရေစုပ်စက်၊ ရေစုပ်ပိုက်တွေကို လည်း လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။ တစ်နိုင်လုံး အတိုင်းအတာအနေဖြင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ သဘာဝဘေးအန္တရာယ်ဖြစ်လျှင် ခိုနားဖို့အတွက် အဆောက်အအုံ ၁၄၃ လုံးရှိပြီး ဖြစ်ပါတယ်။ ဒါ့ပြင် မနက်ဖြန်မေလ ၈ ရက်နေ့မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်နိုင်ဖို့၊ လျင်မြန်စွာတုံ့ပြန်နိုင်ဖို့အတွက် Disaster Management Center ဖွင့်လှစ်ပြီးစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ပိုင်းအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ရင်းတပ်ဖွဲ့တွေကို သဘာဝဘေးအန္တရာယ် ကျရောက်လာပါ က အမိန့်စောင့်စရာမလိုဘဲ ပြည်သူ လူထုကို အမြန်ဆုံးကူညီရမယ်ဆိုပြီး ညွှန်ကြားပြီး ဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဥက္ကဋ္ဌ ကိုယ်တိုင်ဦးစီးပြီး လုပ်ငန်းကော်မတီကို ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)က ဦးစီး ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အဆင့်အနေနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေးအတွက် လိုအပ်တဲ့ညှိနှိုင်းဆောင်ရွက်မှုတွေ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းစစ်ဌာနချုပ်အဆင့်၊ ဒေသအဆင့်အနေနဲ့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ နောက်ဆုံး အပိုင်းအနေနဲ့ ပြည်သူလူထုကို အသိပေးချင်တာက နိုင်ငံပိုင်မီဒီယာတွေမှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်လွှင့်တာတွေကို အလေးထားနားထောင်လိုက်နာဖို့ အကြံပြုလိုပါတယ်။ ဒါ့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အသီးသီးကမုန်တိုင်းကျရောက်စဉ် လုပ်ဆောင်ရမယ့်အချက်တွေ၊ ရှောင်ရှားရ မယ့် အကြံပြုချက်တွေကို ထုတ်ပြန်လျက် ရှိပါတယ်။ ပြည်သူတွေကလိုက်နာ ဆောင်ရွက်ဖို့လိုပါတယ်။ စိုးရိမ်လွန်ကဲဖို့ မလိုပါဘူး။ မုန်တိုင်းစတင်ဖြစ်ပေါ်လာပြီ ဆိုရင်­­­ အရောင်နဲ့သတိပေးတဲ့စနစ်တွေ စတင်မှာ ဖြစ်ပါတယ်။ အဝါရောင်ဆိုရင် ဘင်္ဂလားပင်လယ်နဲ့ ကပ္ပလီပင်လယ်မှာ မုန်တိုင်းစနေပြီအခြေအနေကို သတိထားဖို့လိုမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းမီဒီယာတွေရဲ့ ထုတ်လွှင့်ချက်တွေကို သတိထားနားဆင်ဖို့ ဖြစ်ပါတယ်။ ဒီအဆင့်ကနေ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေပြီ မုန်တိုင်းက မိမိနေထိုင်ရာ ဦးတည်ရွေ့လျားနေပြီဆိုရင် လိမ္မော်ရောင်အဆင့် ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ ပိုပြီး အထူးသတိထား စောင့်ကြည့်နားထောင်ဖို့ လိုပါတယ်။ ဒီမုန်တိုင်းက မြန်မာ့ကမ်းရိုးတန်းကို ၁၂ နာရီအကြာလောက်မှာ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းပြီဆိုရင် အန္တရာယ်ရှိပြီ၊ အနီရောင်အဆင့် ထုတ်ပြန်မှာဖြစ်ပါတယ်။ စိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့ နေထိုင်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရတွေ၊ မြို့နယ်/ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ၊ အမျိုးသားသဘာဝဘေး အန္တရာယ် တုံ့ပြန်ရေးအဖွဲ့တွေက အချိန်မီ တုံ့ပြန်သွားမှာဖြစ်ပြီး အညိုရောင်အဆင့် မုန်တိုင်းတိုက်ခတ်နေတဲ့ အဆင့်မှာလည်း လုံခြုံစိတ်ချရတဲ့အချိန်မှာ ခိုလှုံဖို့ဖြစ်ပါ တယ်။ ပြီးမှ ထုတ်ပြန်ချက်တွေအရ အားပျော့သွားပြီဆိုမှ စိတ်ချရတဲ့နေရာ တွေ၊ မိမိနေရာတွေကို ပြောင်းရွှေ့နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအဖွဲ့တွေက မုန်တိုင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ အသေးစိတ် အသိပေးချက်တွေကို လုပ်ထားပါတယ်။ ဥပမာဆိုရင် မုန်တိုင်းတိုက်ခတ် နေစဉ်၊ မုန်တိုင်းဗဟိုဖြတ်နေစဉ်မှာ လေငြိမ်သွားမှာပဲ။ ပြီးရင်တော့ဆန့်ကျင်ဘက်မှ ပိုပြီးလေတိုက်ခတ်လာနိုင်တဲ့အတွက် လေငြိမ်သွားပြီဆိုပြီး အသေးစိတ် ထုတ်ပြန်ချက်ကအစ ဆောင်ရွက်ထားပါ တယ်။ ဒါတွေကိုလည်း လိုက်နာကြဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ပြီးရင်တော့ ကောလာဟလတွေကို မယုံကြည်ကြဖို့နဲ့တရားဝင်သတင်း မီဒီယာတွေရဲ့သတင်းကို နားစွင့်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က အားလုံးညွှန်ကြားပြီးဖြစ်ပြီးလူ့အသက်ထက်အရေးကြီးတာ ဘာမှ မရှိပါဘူး။ အစိုးရအနေနဲ့ မုန်တိုင်းသတင်း နဲ့ပတ်သက်ပြီး အလေးအနက်ထား စောင့်ကြည့်လျက်ရှိပါတယ်။ ဝန်ကြီးချုပ် ကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိပါ တယ်။ အလေးအနက်ထားဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူတွေအနေနဲ့အုပ်ချုပ်ရေး၊ စေတနာရှင်အဖွဲ့အသီးသီးနဲ့ ပူးပေါင်းပြီးဖြတ်ကျော်ရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ကတော့ ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကနေ အဆုံးအရှုံးအနည်းဆုံးနဲ့ ကျော်လွှားနိုင်စေရေးကို အခုချိန်ကစပြီး အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားချင်ပါတယ်။ ။

No comments:

Post a Comment