Monday, May 8, 2023

နှလုံးသားဖြင့်ကူညီ တို့ကြက်ခြေနီ


 

ကြက်ခြေနီ

ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းဖြစ်သည်။ ထိုအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်းလမ်းဖြင့် လူသားတို့၏အသက်အန္တရာယ်ကို ကူညီ၊ကာကွယ် စောင့်ရှောက်ကယ်တင်ခြင်းပင် ဖြစ်သည်။ လူနာတစ်ဦးကိုတွေ့ရှိသောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်းသို့မဟုတ် အချိန်ပိုင်းအတွင်းမပို့ဆောင်နိုင်ပါက လူနာ၏အသက် အန္တရာယ်အားအတတ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းပင် ဖြစ်သည်။

ကမ္ဘာ့ကြက်ခြေနီနေ့

ကြက်ခြေနီအသင်းကြီး၏ ဖခင်ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ် မေ ၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့၌ မွေးဖွားခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် အီတလီနိုင်ငံသို့ ရောက်ရှိခိုက်ဆိုဖာရီနိုစစ်မြေပြင်ကို ကြုံတွေ့ခဲ့ရသည်။ စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသောစစ်သားများအား ကူညီပေးမည့်သူမရှိဘဲ စစ်သားများ၏ ညည်းညူသံများကို ကြားခဲ့ရပြီး ရွာအနီးဝန်းကျင်မှ လူအများကို စုဝေး၍ ပြုစုကူညီ ပေးခဲ့သည်။ ထို့နောက် နေရပ်ပြန်ရောက်ချိန်၌ ကြုံတွေ့ခဲ့ရသော အကြောင်းအရာများကို A Memory of Solferino စာအုပ်အားရေးသားပြုစုခဲ့သည်။ နိုင်ငံ့ခေါင်းဆောင်များအား ထိုစာအုပ်ကို ရေးသား ဖြန့်ဝေပြီးနောက် ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC) ကို တည်ထောင်ခဲ့သည်။ ၁၉၀၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဗယ်ဆုကိုရရှိခဲ့သည်။ ဟင်နရီဒူးနန့်စတင်မွေးဖွားခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းသည် ယခုအခါ မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း ၁၈၈ နိုင်ငံမှ အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိသည်။

နှစ်စဉ်နှစ်တိုင်း မေ ၈ ရက်သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြက်ခြေနီနေ့အခမ်းအနားများကို ပြုလုပ်ကြသည်။ လူသားများကြုံခဲ့ရသည့် ကမ္ဘာစစ်ကြီး နှစ်ခုစလုံးတွင် ကြက်ခြေနီများသည် အရေးပါသည့်အခန်း ကဏ္ဍမှပါဝင်ခဲ့ကြသည်ကို အားလုံးသိပြီးဖြစ်သည်။ မိမိအသက်ကို ပဓာနမထားဘဲမွန်မြတ်သည့် စိတ်ဓာတ်ဖြင့် ဒဏ်ရာရသူများကို ကူညီကယ်တင် ပေးခဲ့သည့် ကြက်ခြေနီအဖွဲ့ဝင်များ၏ လုပ်ရပ်များ လည်း သမိုင်းမှတ်တမ်းတွင် အထင်အရှားဖြစ်သည်။ ကြက်ခြေနီနေ့အခမ်းအနားများကို မေ ၈ ရက်တွင်ပြုလုပ်ရခြင်းမှာ ထိုနေ့သည်ဟင်နရီဒူးနန့်ကို ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ ဖြစ်သော မေ ၈ ရက်ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း​ဖြစ်သည်။

ကြက်ခြေနီအမှတ်တံဆိပ်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအမှတ်တံဆိပ်၊ ကြက်ခြေနီ အမှတ်အသား ဆိုသည်မှာ ဘေးအန္တရာယ်ကျရောက်ချိန်၊ စစ်မက်ဖြစ်ပွားချိန်၌ ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်း(IFRC)နှင့် အမျိုးသား ကြက်ခြေနီအသင်းများ၊ လူပုဂ္ဂိုလ်များနှင့် တပ်မတော်ဆေးဝန်ထမ်းများမှ လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုသော အမှတ်အသား ဖြစ်သည်။ ကြက်ခြေနီအမှတ်အသားသည် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အမှတ်အသား မဟုတ်ပေ။ ကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံတော်ဥပဒေများတွင် ပြဋ္ဌာန်းထားလေ့ရှိသည်။ ကြက်ခြေနီအမှတ်အသားကို အသုံးပြုရန်အတွက် ၁၈၆၄ ခုနှစ် ဂျီနီဗာမြို့၌ ကျင်းပသောပထမအကြိမ် သံတမန်များဆိုင်ရာ ညီလာခံက သတ်မှတ်ပေးခဲ့ သည်။

 ဒဏ်ရာရစစ်သည်များနှင့် ဘေးဒုက္ခခံရသူများအား ကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သော အကူအညီ များပေးနိုင်ရန်အတွက်ပြဋ္ဌာန်းခဲ့သည်။ ဆွစ်ဇာလန် နိုင်ငံအလံကို အရောင်ပြောင်းပြန်လုပ်၍ အဖြူရောင်နောက်ခံတွင် အနီရောင်ကြက်ခြေနီကို ကြက်ခြေနီ အမှတ်အသားအဖြစ် သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေးအသင်းများ (ယခုအမျိုးသား ကြက်ခြေနီအသင်းများ၊ လခြမ်းနီအသင်းများ) ထူထောင်ရေးနှင့် ပထမအကြိမ်ဂျီနီဗာညီလာခံ ကျင်းပရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သောဆွစ်ဇာလန်နိုင်ငံနှင့် ကြက်ခြေနီဖခင်ကြီး ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့်ကိုဂုဏ်ပြုသည့်အနေဖြင့် သတ်မှတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေ၏အခြေခံဖြစ်သော ၁၉၄၉ ဂျီနီဗာ အများသဘောတူညီချက်အရ ဤအမှတ်အသားကို ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ထပ်အမှတ်အသားများဖြစ်သော အဖြူရောင်နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီအမှတ်အသားတို့ကို လည်း အသိအမှတ်ပြုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အစည်းနှင့် လခြမ်းနီအဖွဲ့အစည်း လူမှုရေးလှုပ်ရှားမှု အဖွဲ့ အစည်းကြီးသည် နိုင်ငံတကာဆိုင်ရာလူသားချင်း စာနာသောလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ထိုအဖွဲ့အစည်းတွင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင်ပေါင်း ၉၇ သန်းဖြင့် ဖွဲ့စည်းထားသည်။ လူသားတို့၏ဘဝနှင့် ကျန်းမာရေးကိုကာကွယ်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သက်ရှိလူသားတို့အတွက် ပိုမိုသေချာသောလေးစားမှု၊ ဝေဒနာခံစားနေရသော ဒုက္ခများမှ ကာကွယ်တားဆီးပေးရန်တို့အတွက် အသားအရောင်၊ အသက်အရွယ်၊ အဖိုအမ၊ လူမျိုးနှင့် ဘာသာရေး၊ အဆင့်အတန်း စသည်တို့အား ခွဲခြားခြင်းမရှိသည့် အခြေခံ အခြေအနေများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဦးဆောင်ဦးရွက်ပြုနေသော လူမှုကရုဏာ အဖွဲ့ အစည်းဖြစ်သည့် ဗမာနိုင်ငံကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်ကျရောက်လွယ်ဆုံးသူများ၏ ကျန်းမာရေးနှင့်ပိုမိုကောင်းမွန်သောဘဝများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဗမာ နိုင်ငံတွင်ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့် နှစ်မှစတင်ကာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံ ကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ ဗမာနိုင်ငံ ကြက်ခြေနီ အသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(အိုင်စီအာစီ)က အသိအမှတ် ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း)၏ အသင်းဝင်ဖြစ်လာခဲ့သည်။

နိုင်ငံတော်အစိုးရသည် ဗမာနိုင်ငံကြက်ခြေနီ အသင်းအက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်း လူမှုကရုဏာအသင်းအဖြစ်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး အဆိုပါအက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံ ပြင်ဆင်ခဲ့သည်။ အဆိုပါ အက်ဥပဒေအရ စိန့်ဂျွန်း သူနာပြုတပ်ဖွဲ့အား ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အဖြစ် ဗမာနိုင်ငံ ကြက်ခြေနီအသင်းတွင် ထည့်သွင်း ဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေ ပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံ ကြက်ခြေနီအသင်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ် ခဲ့သည်။ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးကာ အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အများပြည်သူ သိရှိစေရန် သတင်းမီဒီယာမှတစ်ဆင့် အသိပေးခဲ့သည်။

ကြက်ခြေနီအသင်း၏ အခြေခံမူများ

ကြက်ခြေနီအသင်း၏ အခြေခံမူများမှာ

(၁)       လူသားချင်းစာနာထောက်ထားခြင်း

            (Humanity)၊

(၂)        ခွဲခြားမှုမရှိခြင်း(Impartiality)၊

(၃)       ကြားနေခြင်း (Neutrality)၊

(၄)       လွတ်လပ်ခြင်း (Independence)၊

(၅)       စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း

            (Voluntary service)၊

(၆)       စည်းလုံးညီညွတ်ခြင်း(Unity)၊

(၇)       ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းတို့ ဖြစ်ပါသည်။

 နှလုံးသားဖြင့်ကူညီတို့ကြက်ခြေနီ

၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ “နှလုံးသားဖြင့်ကူညီ တို့ကြက်ခြေနီ Everything we do comes # from the heart” ဖြစ်သည်။ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ယနေ့ ကမ္ဘာပေါ်တွင်ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေများ၊ ပဋိပက္ခများ ပြည့်နှက်နေသည့် အချိန်ကာလတွင် ကြက်ခြေနီအခြေခံမူ (၇) ချက်မှ လူသားချင်း စာနာထောက်ထားခြင်းဆိုသည့် အချက်ကိုရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိရန် ဆောင်ရွက်ကြရန် ရည်ညွှန်းခြင်းပင်ဖြစ်သည်။ စာရေးသူအပါအဝင် ကြက်ခြေနီအသင်းသား အားလုံးတို့သည် အရေးပေါ်အခြေအနေကို ကူညီနိုင်ရန်အတွက် အခြေခံသင်တန်းများ၊ အရေးပေါ် အသက်ကယ်နည်းများ စသည်တို့ကို စနစ်တကျ လေ့ကျင့်သင်ထားကြသည်။

ကြက်ခြေနီအသင်းသည် သက်တမ်းအရှည်ကြာဆုံး ကရုဏာအသင်းဖြစ်သည်နှင့်အညီ အကြင် နာမေတ္တာများဖြင့် ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ၊ လူမျိုးဘာသာ၊ ကျားမ မရွေးလူတိုင်း၏ ဘဝတွင် ကြီးမားသောပြောင်းလဲမှုဖြစ်စေနိုင်သည့် ကြင်နာမှုများဖြင့် အကူအညီ လိုအပ်နေသူများကို ဆက်လက်ကူညီပေးသွားကြမည်ဖြစ်သည်။ ကြက်ခြေနီအသင်းသူ အသင်းသားတို့သည် စည်းလုံးညီညွတ်စွာဖြင့် စေတနာတရားကို ရှေ့တန်းတင်လျက် စေတနာ့ဝန်ထမ်းတာဝန်များကို လူသားချင်းစာနာထောက်ထားသော နှလုံးသားဖြင့်အမြဲတမ်း ကူညီဖေးမနေကြမည်ဖြစ်သည်။ အရေးကြုံ လာတိုင်း အကူအညီလိုအပ်သူများထံသို့ အရောက် သွားပြီး ရန်သူ မိတ်ဆွေ မခွဲခြားဘဲ နှလုံးသားဖြင့် ဖေးမကူညီကြမည်ဖြစ်ကြောင်းကို ၂၀၂၃ ကမ္ဘာ့ ကြက်ခြေနီနေ့ဆောင်ပုဒ်မှ ဖော်ညွှန်းထားခြင်း ဖြစ်သည်။

ကြက်ခြေနီဟူသည်မှာ စေတနာ့ဝန်ထမ်း ဖြစ်သည်။ လူသားအားလုံးအပေါ် မေတ္တာတရား အခြေခံ၍ ကူညီဖေးမသည့်အဖွဲ့အစည်းဖြစ်သည်။ ရန်သူမိတ်ဆွေ မခွဲခြားဘဲ ကူညီဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ်သည်။ အရေးကြုံလာသည်နှင့် ပြည်သူတို့၏ အသက်အန္တရာယ်ကို အတတ်နိုင်ဆုံးကယ်တင်ဆောင်ရွက်ပေးသော အဖွဲ့အစည်းဖြစ် သည်။ လူသားတိုင်းကို နှလုံးသားဖြင့်သာကြည့်သည်။ နှလုံးသားဖြင့်သာကူညီသည်။ ရင်မှ ဖြစ်တည်သော အဖြူရောင်စိတ်ထားနှလုံးသားတို့ဖြင့် ပြည်သူတို့အားကူညီဖေးမသော စေတနာ့ ဝန်ထမ်းများပင်ဖြစ်သည်။ ထို့ကြောင့် နှလုံးသားဖြင့်ကူညီကြသည့် ကြက်ခြေနီတို့အား လေးစားဂုဏ် ပြု၍ ၂၀၂၃ ခုနှစ် မေ ၈ ရက်တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏။ ။

မေတ္တာမိုးနှင်း (ပဲခူး)

No comments:

Post a Comment