Tuesday, May 30, 2023

စစ်တွေမြို့နယ် ခေါင်းဒုက္ခာကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာသူ ကျေးရွာသားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


နေပြည်တော် မေ ၂၉

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ အထူးဆေးအဖွဲ့များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က ယနေ့တွင် စစ်တွေမြို့နယ် ခေါင်းဒုက္ခာ ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများအား သွေးတိုး ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး အာဟာရဖြည့်စားသောက် ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် ကျေးရွာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျေးရွာသူ ကျေးရွာသားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေ မြို့နယ်အတွင်း မုန်တိုင်းကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ ယာယီနေထိုင်ရန် စီစဉ်ထားသည့် အဆောက်အဦများ ဆောင်ရွက်ထားရှိမှု၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် အဝီစိတွင်းများ တူးဖော်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ ရွှေစေတီ ပရိယတ္တိစာသင်တိုက်နှင့် နန္ဒာရာမပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ သံဃာ တော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment