Friday, May 12, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်​​ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားနှင့် နေပြည်တော်အတွင်း သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည်လည်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မေ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စပ်မျိုးနေကြာ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် မျိုးရွေးချယ်​​ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုး​ရေး၊ မွေး​မြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့ တော်ဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် အတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။









ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော်အတွင်း စိုက်ပျိုးရာသီများတွင် နေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကချင်းအလိုက် အထွက်နှုန်းမြှင့်တင်နိုင်ရေးအတွက် နေကြာ မျိုးကောင်း မျိုးသန့်များကို ဦးစားပေး သုံးစွဲစေလိုကြောင်း၊ ရေသယံဇာတ၊ မြေသယံဇာတ၊ သဘာဝအရင်းအမြစ်များကို အကျိုးကျိုးရှိရှိ ထိရောက်စွာအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားသည့် စိုက်ခင်းများကို ကြည့်ရှုလေ့လာပြီး လက်တွေ့ပြန်လည် စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများနှင့်အတူ  ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂) ရပ်ကွက်ရှိ မေတ္တာကန် သဲနုန်း များတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က လုပ်ငန်းဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကိုမှာကြားခဲ့ပြီး မေတ္တာကန်အတွင်းရှိ တူးဖော်သည့် သဲနုန်းမြေများ စနစ်တကျ စွန့်ပစ်ထားရှိမည့်နေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်အဖွဲ့သည် နံနက် ၁၁ နာရီတွင် နေပြည်တော် မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်း၌ မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  သဘာဝဘေး မကျရောက်မီ စနစ်တကျ ကြိုတင်၍ ဇတ်တိုက်မှုများ ပြုလုပ်ပြီး ကျရောက်လာပါက ဆုံးရှုံးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ညီညီညွတ်ညွတ် စည်းကမ်းတကျ ဆောင်ရွက်စေလိုကြောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် မုန်တိုင်းဘေး ကျရောက် လာပါက ကူညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ပြုစုခြင်းလုပ်ငန်းများကို အသင့် ကြိုတင်ပြင်ဆင် ဇတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်စေလိုကြောင်းပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များအား ဂုဏ်ပြုချီး မြှင့်ငွေများ ထောက်ပံပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအား လှည်လည်ကြည့်ရှုစစ်ဆေးပြီး ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတ အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ထို့နောက် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက သဘာဝဘေး ဖြစ်ပေါ်လာပါက စုဖွဲ့ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြိုတင်ဇာတ်တိုက်ထားရှိမှု၊ ရင်ဆိုင်တုန့်ပြန်နိုင်မှုနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က သဘာဝဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ၊ သဘာဝဘေးဖြစ်ပွားပါက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ၊ သဘာဝဘေး ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်ရှိ  Myanmar Agribusiness Public Corporation (MAPCO)Ltd သို့ရောက်ရှိပြီး ဆန်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း သဘာဝဘေးအတွက် ရင်ဆိုင်တုန့်ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရေး ကြိုတင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆန်လုပ်ငန်းရှင်များက အရန်ဆန်များစုဆောင်းထားရှိမှုအခြေအနေနှင့် ဆီလုပ်ငန်းရှင်များက အရန်ဆီများ စုဆောင်းထားရှိမှုအခြေအနေကို အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး စက်ရုံအတွင်း သဘာဝဘေးအတွက် အရန်ဆန်များ စုဆောင်းထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment