မအူပင် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့တွင်းသို့ အသိပညာပေး လှည့်လည်ကြေညာခြင်းနှင့် လူစည်ကားသည့် နေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့လှည့်လည်ကြေညာရာတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) မိုခါ (MOCHA) ၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ် ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်ခြင်း၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘော များအနေဖြင့်လည်း ကြိုတင်သတိပြုနေထိုင်ကြရန် မြို့တွင်းသို့ လှည့်လည်ကြေညာခဲ့ကြသည်။ မုန်တိုင်းဘေး ပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန် အချက်များနှင့် မုန်တိုင်းဖြစ်ပြီး ချိန်တွင် ရှောင်ရှားသင့်သည့်အချက်များပါဝင်ပြီး လူစည်ကားရာနေရာ များတွင် ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ လှည့်လည်ကြေညာခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးဟန်လင်းထွဋ်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးအောင်ကိုမင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment