“ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏အားကသာနိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ ဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၉ ရက် နေ့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြများ အား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အချုပ်အခြာအာဏာပိုင်
နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် တည်ဆောက်ရာတွင်လည်းကောင်း၊ နိုင်ငံ၏မြေပြင်၊
ရေပြင်၊ ဝေဟင်ပိုင်နက် နယ်နိမိတ်များကို ကာကွယ်ရာတွင်လည်းကောင်း မိမိတို့ပိုင်ဆိုင်သည့်
ပြည်တွင်းအရင်းအမြစ်များ၊ ပြည်တွင်းအားများဖြင့်သာ တည်ဆောက်ကာကွယ် ကြရခြင်းဖြစ်သည်။
မိမိတို့နိုင်ငံသည် သယံဇာတအရင်းအမြစ် အများအပြားပိုင်ဆိုင်ထားသကဲ့သို့ပင် အလုပ်လုပ်နိုင်သည့်အရွယ်
လူဦးရေအချိုးအစား ကောင်းမွန်စွာရရှိထားသည့် နိုင်ငံလည်းဖြစ်ရာ အဆိုပါသယံဇာတများနှင့်
လူသားအရင်းအမြစ်တို့ကို အကျိုးရှိထိရောက်စွာအသုံးချနိုင်ပါကနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
နိုင်ငံတွင်တည်ရှိနေသည့် မြေပေါ်မြေအောက် သဘာဝသယံဇာတများကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်
ဖော်ထုတ်အသုံးချနိုင်ရန်မှာ ပညာတတ် တန်ဖိုးမြင့်လူသားအရင်းအမြစ်လိုအပ်သည်။
ကမ္ဘာ့နိုင်ငံတိုင်းသည်
မိမိတို့၏နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးစွမ်းအားများကို ခေတ်ကာလနှင့်အညီ ခိုင်မာ
တောင့်တင်းအောင် စဉ်ဆက်မပြတ်တည်ဆောက်နေကြရခြင်း ဖြစ်ရာ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်၏အင်အား
များဖြစ်သည့်အလျောက် လူငယ်များ၏အတွေးအခေါ် အယူအဆများမှန်ကန်ရေး၊ အကောင်းအဆိုးကို ခွဲခြား၍
မှန်ကန်စွာ သိမြင်နိုင်စွမ်းရှိရေး၊ နိုင်ငံတော်နှင့်လူ့ဘောင် အဖွဲ့အစည်းအတွက် အကျိုးပြုသည့်
လူတော်လူကောင်းများ ဖြစ်လာရေး၊ အများအကျိုးမိမိအကျိုး၊ သယ်ပိုးထမ်းရွက် နိုင်စွမ်းရှိသူများ
ဖြစ်စေရေးတို့အတွက် ပြုစုပျိုးထောင်မှု အစီအစဉ်များနှင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်
လိုအပ်သည်။ ယခုနှစ် နွေရာသီကျောင်းပိတ်ရက်အတွင်း ဒေသအနှံ့အပြားတွင် ဖွင့်လှစ်ခဲ့သည့်
ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်သင်တန်းများတွင် ကျောင်းသား ကျောင်းသူ လူငယ်စုစုပေါင်း
၁၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါလူငယ်မောင်မယ်များသည်
နွေကျောင်းပိတ်ရက် ကာလအတွင်းအချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးခဲ့ကြပြီး ရေကြောင်းပညာရပ်၊
လေကြောင်းပညာရပ်များကို ထိတွေ့ လေ့လာခွင့်ရရှိခဲ့ကြသည်။ တပ်မတော်၏နိုင်ငံတော်ကာကွယ်
ရေးတာဝန်ထမ်းရွက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်လည်း ရရှိခဲ့ကြသည်။ မိမိတို့ကိုယ်တိုင်
အခြေခံစစ်ရေးပြ ဘာသာရပ်ကို လေ့ကျင့်သင်ကြားခဲ့ရခြင်းကြောင့် အမိန့်နာခံ တတ်မှုနှင့်
စည်းကမ်းစနစ်ကျနမှု၊ တစ်စည်းတစ်လုံးတည်း ရှိမှုတို့ကို နားလည်လာခဲ့ကြသည်။ ထို့အပြင်
အများနှင့်စုပေါင်း နေထိုင်မှု၊ ခွဲဝေတာဝန်ယူမှုနှင့် စုပေါင်းလုပ်ဆောင်မှုကဲ့သို့သော
အလေ့အကျင့်ကောင်းများကိုလည်း ရရှိခဲ့ကြသည်။
မကြာမီ
ပညာသင်နှစ်သစ်အတွက် ကျောင်းများပြန်လည် ဖွင့်လှစ်သည့်အခါ လူငယ်မောင်မယ်အားလုံး မိမိတို့၏မပြီးဆုံးသေးသည့်ပညာခရီးကို
ဉာဏ်ပညာ၊ လုံ့လဝီရိယတို့ဖြင့် ရှေ့ဆက်ကြရဦးမည်ဖြစ်ရာ နွေသင်တန်းများမှ ရရှိခဲ့သည့်
အလေ့အကျင့်အတွေ့အကြုံကောင်းများနှင့်အတူ ပညာပြည့်ဝနှလုံးလှပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့်
သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်လာအောင် အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment