Friday, May 5, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ

နေပြည်တော် မေ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့မှ AGTI ဒီပလိုမာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၂၃ ဦအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများနှင့် တာဝန် ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ရှေးဦးစွာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်မည့် ကျောင်းသား ကျောင်းသူများကို လှိုက်လှဲ နွေးထွေးစွာကြိုဆိုပါကြောင်း၊ သင်ကြားတတ်မြောက်လာသည့် ပညာရပ်များကို အခြေခံပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကြိုးစားလေ့လာ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အလျောက် “ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်” ဟူသည့် ဆောင်ပုဒ်ချမှတ်ပြီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသဖြင့် ဝန်ကြီးဌာန၏ ရည်မှန်း ချက်နှင့် တာဝန်များကို သိရှိထားရန် လိုအပ်ကြောင်း၊ လက်တွေ့လုပ်ငန်းနယ်ပယ်တွင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အတွေ့အကြုံများကို လေ့လာသင်ယူ၍ မိမိတာဝန်ကို အကောင်းဆုံး ကြိုးပမ်းထမ်းဆောင်ကြရန်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်တာဝန် ထမ်းဆောင်ကြမည်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်အပါအဝင် ဝန်ထမ်းကျင့်ဝတ်များကို လိုက်နာကျင့်ကြံရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး တတ်မြောက်ထားသည့် နည်းပညာအသုံးချ၍ ဝန်ကြီးဌာန၏ ကောင်းကျိုးအတွက် အားထားရသူများဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့အစည်း ၁၉ ခုနှင့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာများအား အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)တို့ မှ AGTI ဒီပလိုမာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၁၄၆ ဦး အနက် အမျိုးသား ၁၅ ဦး၊ အမျိုး သမီး ရှစ်ဦး စုစုပေါင်း ၂၃ ဦးတာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအတွင်းရှိ ဌာနခြောက်ခုတွင် ခန့်အပ်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment