Friday, May 5, 2023

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး၌ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် မေ ၄

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကကြီးမှူးပြီး မေ ၃ ရက်တွင်ကျရောက်သော ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက Video Conferencing ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာတင်က မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နှင့် သက်ဆိုင်သော အကြောင်းအရာများ ဟောပြောဆွေးနွေးကြရာ “နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့်သတင်းမီဒီယာများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ကလည်းကောင်း၊ “သတင်းထုတ်လုပ်ဖြန့်ဝေသူတို့၏တာဝန်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်- လယ်ဝေး) ကလည်းကောင်း၊ “ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံကလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အောင်မြင့်(ပြန်/ဆက်)

No comments:

Post a Comment