နေပြည်တော် မေ ၁၀
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင်သည့် အခြေအနေရှိနေသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ မိုင်းပန်မြို့၊ မိုင်းနောင်မြို့နှင့် မိုင်းရှူးမြို့တို့ရှိ မြို့နယ်အားကစားကွင်းများ၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း အသီးသီးစုဖွဲ့၍ နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ကြသည်။ ယင်းသို့ ဇာတ်တိုက် လေ့ကျင့်နေမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြားအထောက်အကူပြုပစ္စည်းများ သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter)များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ်(၅)မျိုးနှင့် သောက်သုံးရေလုံလောက်စွာရရှိရန် ဆောင်ရွက်ထားရှိခြင်းတို့ကို သက်ဆိုင်ရာနယ်မြေအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုများ၊ ယာဉ်/စက်ကရိယာများ အသင့်စုဖွဲ့ပြင်ဆင်ထားမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment