Friday, May 5, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပဲခူးမြို့မှ ပင့်ဖိတ်ထားသောဆရာ တော်ကြီးများ လေ့လာဖူးမြော်ကြည်ညို

 


နေပြည်တော် မေ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော် လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက်/ နန်းတော်ရာရပ်မှ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ဘဒ္ဒန္တသူရိယ ဦးဆောင်လျက် ပင့်ဖိတ်ထားသောဆရာတော်၊ သံဃာတော်စုစုပေါင်း (၉၆) ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့်တူးဖော်ခြင်းနှင့် ကျောက်တုံးတော်ကြီးများအား ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော် အထက်သို့ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အဦစိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှုအခြေအနေများကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက်ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုအခြေအနေများကိုလည်း လှည့်လည် ကြည့်ရှုကြသည်။

ယင်းနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်ကြီးများ၏ ပရိတ်တရားတော်များကိုနာယူခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment