Monday, May 15, 2023

(၅၅) ကြိမ်မြောက် အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကောင်စီအစည်းအဝေးအား မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ

 


နေပြည်တော် မေ ၁၄

မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သည့် (၅၅) ကြိမ်မြောက် အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (SEAFDEC)၏ ကောင်စီအစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် မေ ၉ ရက်နှင့် ၁၁ ရက်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၃၆) ငါးလုပ်ငန်းဦးစီးဌာန VMS Center အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် SEAFDEC ကောင်စီအလှည့်ကျဥက္ကဋ္ဌအဖြစ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်အား ရွေးချယ်ခြင်း၊ SEAFDEC အထွေထွေအတွင်းရေးမှူးချုပ်က ၂၀၂၂ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းရပ်များနှင့်စပ်လျဉ်း၍ အစီရင်ခံတင်ပြခြင်း၊ (၄၅)ကြိမ်မြောက် SEAFDEC စီမံကိန်းကော်မတီအစည်းအဝေး၏ရလဒ်များ တင်ပြခြင်းနှင့် (၂၅) ကြိမ်မြောက် ASEAN-SEAFDEC မဟာဗျူဟာ မိတ်ဖက်ငါးလုပ်ငန်းအတိုင်ပင်ခံအဖွဲ့ (FCG/ ASSP) အစည်းအဝေး၏ ရလဒ်များကို တင်ပြသည်။

အစည်းအဝေးတွင် တရားမဝင်ငါးဖမ်းဆီးမှုတိုက်ဖျက်ရေးနှင့် စောင့်ကြည့်ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံဒေသတွင်း ရေပေါ်လွှာနေ ကျူနာငါးမျိုးစိတ်အား ရေရှည်ထုတ်ယူစားသုံးနိုင်ရေး ဒေသတွင်းလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ CITES နှင့် ဆက်စပ်သည့် ကိစ္စရပ်များနှင့် အရှေ့တောင်အာရှဒေသတွင်း အဏ္ဏဝါရှိအပျက်အစီး အပိုင်းအစများနှင့် စွန့်ပစ်ပျောက်ဆုံး ငါးဖမ်းကိရိယာများ(ALDFG) တားဆီးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ SEAFDEC အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကောင်စီ ဒါရိုက်တာများ၊ အဖွဲ့ဝင်များနှင့်အတူ SEAFDEC အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် SEAFDEC ဌာနခွဲများမှ ကိုယ်စားလှယ်များနှင့် Food and Agriculture Organization of United Nations (FAO) တို့မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment