Monday, May 15, 2023

ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက်အမှတ်စဉ်(၃၃/၂၀၂၃)

 


(၂၀၂၃ ခုနှစ်၊ မေလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

(က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။

 


(၂) မုန်တိုင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီး ရောက်ရှိနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီးဖြစ်သည့်အတွက် အစိမ်းရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) နောက်(၁၂)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”သည် နောက်(၆)နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ပါသည်။ ထို့နောက် ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်  

(၁) ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်ဒေသအလိုက်နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်ခန့် တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

(၃) စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)ခန့်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ် နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၄) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ရွေ့လျားရာတစ်လျှောက်ရှိ ဒေသများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။

No comments:

Post a Comment