Tuesday, May 30, 2023

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မံစီမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်၊ နေရပ်ပြန်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများသို့ တက်ရောက်

 

ဗန်းမော် မေ ၃၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြှင့်မားစေရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူ များနှင့်အတူ မေ ၂၈ ရက် နံနက် ၈ နာရီက မံစီမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမို တိုးတက်မြှင့်မားစေ‌ရေးနှင့် နေရပ်သို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများ ထောက် ပံ့ပေးအပ်ခဲ့သည်။







ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့နယ်အတွင်းရှိ စီဟဲ ကျေးရွာ၊ စီဟဲစိုက်ကွင်းအတွင်း ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တောင်သူများထံ ဆင်းဧရီ-၃ အထွက်တိုးမျိုးစပါး မျိုးသန့်မျိုးပွား မျိုးစေ့အိတ်များနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့အိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး အဆိုပါ စိုက်ကွင်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် (၁၀.၀)သန်းဖြင့် ရေတွင်းတူးဖော်၍ ရွှေ့ပြောင်းနိုင်သော ဆိုလာပန့်စနစ်တပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် စိုက်ကွင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ‌ဒေသခံတောင်သူ များနှင့်အတူ မိုးစပါးစိုက်ပျိုးချိန်အမီ သဘာဝမြေသြဇာမြေဆီမြေနှစ်ရရှိစေရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို လယ်ကွက်အတွင်း အတူတကွ စုပေါင်းကြဲပက်ပေးခဲ့ကြသည်။

ထို့နောက် မန်စီမြို့နယ်၊ နမ့်မဖွဲ့ကျေးရွာ၊ နမ့်မဖွဲ့စိုက်ကွင်းအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာစီမံကိန်း ကော်မတီအဖွဲ့ဝင် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ကွင်းအတွင်း မိုးစပါး အပြင် သီးထပ်စိုက်ပျိုးနိုင်ရန် လိုအပ်သည့်သွင်းအားစုများကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့်သီးထပ် သီးနှံအထွက်တိုးရေးကို အတူတကွ ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားပြီး တောင်သူများ အတွက် ဆင်းဧရီ-၃ အထွက်တိုးမျိုးစပါး မျိုးသန့်မျိုးပွားမျိုးစေ့အိတ်များနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ အိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စိုက်ကွက်အတွင်း သီစိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်မှုကို ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန်စီမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် မြို့နယ်/ကျေးရွာအုပ်စုကြီးကြပ်မှုကော်မတီဝင်များ၊ တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရင်းနှီးမတည်ငွေ အဖြစ် ငွေကျပ် ၈ ဘီလီယံကို ထုတ်ပေးခဲ့ပါကြောင်း၊ သို့သော်လည်း ရင်းနှီးမတည်ငွေများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စိမံကိန်းလုပ်ငန်းများမှ ရရှိလာမည့် အတိုးငွေများအနက် (၇၅) ရာခိုင်နှုန်းကို ထပ်မံဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ တွင် ရင်းနှီးမတည်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး (၂၅) ရာခိုင်နှုန်းသာ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ကို ပြန်လည်ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး စီမံကိန်းကျေးရွာ များကို အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာကော်မတီများ အနေဖြင့် စည်းကမ်းသတ်မှတ်ချက်များပါအတိုင်း တာဝန်ကျေပွန်စွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမ အသင်းစု လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ကျေးရွာကော်မတီအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ချေးငွေများသတ်မှတ် ကာလအလိုက်ပေးဆပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းစီမံကိန်းများအတွက် ကျေးရွာအလိုက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မံစီမြို့၊ ကောင်ရာရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် IDP စခန်းမှ နေရပ်ကျေးရွာများဖြစ်သည့် လိုင်ကာဇွပ်ဂျာ၊ ချောင်းထောက်၊ မောရဝတီရွာ သစ်ကုန်း၊ ဟန်ထက်ရွာသစ်ကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများနှင့်သွား ရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က နေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ရာတွင် လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် တတ်နိုင်သလောက် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း နေရပ်ကျေးရွာများတွင် ခိုင်မာတည်ငြိမ်စွာနေထိုင်နိုင် ရေး လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက နေရပ်ကျေးရွာများဖြစ်သည့် လိုင်ကာဇွပ်ဂျာသို့ ရွှေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စု (၆၈)စု၊ ချောင်းထောက်ကျေးရွာ ရွှေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စု (၇၂)စု၊ မောရဝတီရွာသစ်ကုန်း ဟန်ထက်ရွာသစ်သို့ ရွှေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စု (၁၉)စု စုစုပေါင်းအိမ်ထောင်စု (၁၅၉)စု၊ လူဦးရေ (၈၁၉)ဦးတို့အတွက် ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၉၀၀၀၀၀ ၊ ဆန်ရိက္ခာတစ်လစာအတွက် ၇၃၇၁၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ပုံး (၈၁၉)ပုံးကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ အိမ်‌ထောင်စုများက ၎င်းတို့၏နေရပ်ကျေးရွာများ အတွင်း အခြေခံလိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စိန့်ဂျိုးဇက်ကက်သလစ်ဘုရားကျောင်း၌ ကျောင်းထိုင်ဘုန်းတော်ကြီး၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ကတ်သလစ်အသင်းတော်အတွက် အလှူငွေများနှင့်ဘုန်းတော်ကြီးအတွက် လက်ဆောင်များကိုပေးအပ်ရာ အသင်းတော်မှ ကချင်ရိုးရာမဂွန်းလိပ်ဖြင့် ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ဘုန်း‌တော်ကြီးက ဆုတောင်းဆက်ကပ်ကောင်းချီးပေးခဲ့သည်။

ယင်း‌နောက် မံစီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်ကို ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ပညာ ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖုန်ကန်ဒူဝါခန်းမ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက “အနာဂတ်လူရည်ချွန်” တေးသီချင်း သီဆိုဖွင့်လှစ်ပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်း ပညာရေးဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံ ရေးနေ့အတွက် ထောက်ပံ့ပေးအပ်သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ၊ မူလ တန်ကြိုကလေးငယ်များအတွက် Kid Box နှင့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး ကျောင်းအပ်နှံရေးနေ့အတွက် အလှူရှင်များက အလှူငွေများကိုပေးအပ်ခဲ့ကြကာ အခြေခံ ပညာအထက်တန်းကျောင်း(မံစီ)မှ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်း သီဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြသည်။

ယင်းနောက် မံစီမြို့၊ ပြင်ဦးလွင်ရပ်ကွက်ရှိ လုံဂျာသစ်တောကြိုးဝိုင်းဧရိယာသို့ သွားရောက်ပြီး သစ်တောကြိုးဝိုင်းအတွင်း အကွက်အမှတ် (၈) အတွင်းမှ ပယ်ဖျက်ခွင့်ပြုပြီးသည့် မြေ(၄၅)ဧကတွင် ဌာနဆိုင်ရာရုံးများနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် မြေနေရာချထားမှုအခြေအနေအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြေနေရာချထားမှုအခြေ အနေနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်သို့ အတည်ပြုတင်ပြနိုင်ရေး၊ သစ်ပင်ကြီး များအား အဆောက်အအုံမြေနေရာမှ လွဲ၍ ကျန်အပင်များ ခုတ်လဲခြင်းမှုမရှိစေရေး မှာကြားခဲ့သည်။

ထို့နောက် အဆိုပါပြင်ဦးလွင်ရပ်ကွက်အတွင်းရှိ မြို့နယ်တရားရုံးသို့သွားရောက်ပြီး မြို့နယ် တရားသူကြီးနှင့် တရားရေးဝန်ထမ်းများအား ရင်းနှီးနွေးထွေးစွာ မိတ်ဆက်တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်ကတရားစီရင်ရေး လုပ်ငန်းများကို အားကြိုးမာန်တက်ဆောင်ရွက်နေကြသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍လည်း မိမိမြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကြိုးပမ်းကြ စေလိုကြောင်းပြောကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး မှာကြားကာ တရားရေးဝန်ထမ်းများ အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ထောက်ပံ့ငွေ များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေး ရွာအုပ်စု၊ ဖိုးဒေဝကျေးရွာအတွင်းရှိ မြေဧရိယာပေါ်တွင် မြို့နယ်အတွင်းရှိ IDPs စခန်းများမှ အိမ်ထောင်စုများ ရွှေ့ပြောင်းနေထိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နေအိမ်ခြံကွက်များ ဆောင်ရွက်ထားရှိမှုကို စခန်းတာဝန်ခံများနှင့် လိုက်လံကြည့်ရှုစစ်ဆေးပြီး မြေယာဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ရေရှည်အတွက် လိုအပ်ချက်ရှိသည့် လမ်းများတိုးချဲ့ဆောင် ရွက်ရေးနှင့် IDP စခန်းမှ ပြောင်းရွှေ့နေထိုင်မည့် မြေနေရာသို့ ကြိုးတံတားသွယ်တန်းပေးနိုင်ရေး ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကန်တော်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း (၄၀၀) အား အစုအဖွဲ့(၁၀)ဦးဖြင့် (ဖရစ်ရှန်) နို့စားနွားများ မွေးမြူရေးနိုင်ရေး ရင်းနှီးမတည်ပေးထားသည့် ပိုင်ရှင်ဦးမောင်ရွှေ (မိသားစု)ခြံ၌ နို့စားနွားများ မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့် ရှုစစ်ဆေးပြီး မွေးမြူ‌ရေးအထောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မေ ၂၉ ရက် နံနက် (၉)က ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ဗန်းမော်မြို့နယ်ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းအပ်နှံရေးနေ့ ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျောင်းခန်းမ၌ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက “ပညာပန်းခင်း” တေးသီချင်း သီဆိုဖွင့်လှစ်ပေးပြီး ပြည်နယ် ဝန်ကြီးချုပ်က ဗန်းမော်မြို့နယ်အနေဖြင့် ယခုပညာသင်နှစ်တွင် ကျောင်းဝင်နှုန်း (၉၃)ရာခိုင်နှုန်းအထိ တိုးတက်လာသည့်အတွက် အဖက်ဖက်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျောင်းသားမိဘများ၏ ပူးပေါင်းမှုဖြင့် ကျောင်းတက်နိုင်အောင် စီမံဆောင်ရွက်နိုင်မှုကို ဂုဏ်ယူ ပါကြောင်း၊ သို့သော်လည်း ကျောင်းနေကလေးတိုင်း ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်နှုန်းကျဆင်း လာစေ‌‌ရေး ကျောင်းသားမိဘာများနှင့် ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိပြီး ပညာသင်ယူခွင့်ရရှိရေးနှင့် အတန်းစဉ် ကျောင်းထွက်နှုန်း ကျဆင်းပြီး အလယ်တန်းနှင့်အထက်တန်း ပညာပြီးဆုံးသည်အထိ ကျောင်းနေမြဲရေး အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ထုလွမ်က ဗန်းမော်မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်မည့် အခြေအနေနှင့်ကျောင်းအပ်နှံလက်ခံနေမှုဆိုင်ရာများ၊ ပညာရေးဆိုင်ရာ အချက်အလက်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ပညာရေးမှူးတို့က ကျောင်းအပ်နှံသည့်ကျောင်းသား/ကျောင်း သူများအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများ၊ စက်မှုအထက်တန်းကျောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက် တန်းကျောင်းများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ၊ KG ကလေးများအတွက် Kid Box နှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ ကျောင်းအပ်နှံရေးနေ့အတွက် ထောက်ပံ့ ငွေများ၊ ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအဖွဲ့များအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ် ခဲ့ကြရာ ကျောင်းသား/ကျောင်းသူလေးများက “မြန်မာ့ကျောင်း” တေးသီချင်း သီဆိုဖျော်ဖြေခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ကျောင်းဝင်းအတွင်း ၂၀၂၃-၂၀၂၄ ပညာသင် နှစ်တွင် စတင်ဖွင့်လှစ်သင်ကြားသွားမည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောင်သစ် တည်ဆောက်ပြီးစီးမှုနှင့် ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ သင်ထောက်ကူပစ္စည်းများနှင့် ပုံနှိပ်စာအုပ်များကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေးကျောင်းသား/ကျောင်းသူများအတွက် လက်တွေ့ဆောင်ရွက်နိုင်ရေး စိုက်ခင်းများ ထူထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဗန်းမော်လေဆိပ်ဝင်းအတွင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အရေးကြီးပုဂ္ဂိုလ်နားနေဆောင်ရှေ့တွင် မြေယာရှုခင်းပြုပြင်ပြီး အလှပန်းပင်များ စိုက်ပျိုး ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ကျန်မြေဧရိယာအလွတ်များပေါ်တွင် မြေယာရှုခင်းပြုပြင် ဆောင်ရွက်နိုင်ရေး၊ ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။ 

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment