Tuesday, May 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုမည့် ဖြတ်စက်များ လက်တွေ့အသုံးချသရုပ်ပြသမှုကို ကြည့်ရှု

စစ်တွေ မေ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သစ်ပင်ဖြတ်စက်များ၊သံဖြတ်စက်များနှင့် စွမ်းအားမြင့် ဟိုက်ဒရောလစ် ဖြတ်စက်များ လက်တွေ့အသုံးချ သရုပ်ပြသမှုကိုကြည့်ရှုပြီး ချို့ယွင်းပျက်စီး တာဝါတိုင်များအား ၎င်းဖြတ်စက်များအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို အမြန်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 




ကြည့်ရှုအားပေး

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ဒေသန္တရ ကျန်းမာရေးဌာနဝင်းအတွင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ခုတင်(၅၀)ဆံ့ စစ်တွေတိုင်းရင်းဆေးရုံမှ သမားတော်ကြီးများ မြေပြင်ကွင်းဆင်း၍ ပြည်သူလူထု အား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ကျန်းမာရေးအသိ ပညာပေးနေမှုတို့ကို ကြည့်ရှု အားပေးသည်။

ယင်းနောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် ကျန်းမာရေး စောင့်ရှောက်မှု လာရောက်ခံယူကြသည့် လူနာများ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းပြီး အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုပေး

အဆိုပါ ကျန်းမာရေးစောင့် ရှောက်မှုပေးနေသည့်အဖွဲ့တွင် စစ်တွေပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွား၊ အရိုး၊ သားဖွားမီးယပ်၊ ကလေး၊ ခွဲစိတ်နှင့် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးများနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ Medical Team နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ စစ်တွေမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသည်။

ဆက်လက်၍ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် စစ်တွေမြို့ ကမ်းနားလမ်းရှိ ကျောက်စီမြေထိန်းနံရံများ၊ ကွန်ကရစ်လမ်း၊ ပလက်ဖောင်းများ ပျက်စီးနေမှုနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ၌ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနိုင်

ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ စုစုပေါင်းလေးခု၏ မိုဘိုင်းစခန်း ၁၂၃၃ စခန်း ရှိသည့်အနက် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ကျန်စခန်း ၃၂၉ ခုဖြင့်သာ ဝန်ဆောင်မှုပေးခဲ့ရာမှ မြေပေါ် မြေအောက် ဖိုက်ဘာကေဘယ်လ်များ ပြုပြင်ခြင်း၊ အချို့သော မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများကို ဖိုက်ဘာဆက်ကြောင်းများဖြင့် ပြောင်းလဲချိတ်ဆက်ခြင်းနှင့် မိုဘိုင်းစခန်း ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၂၉ ရက်အထိ မိုဘိုင်းစခန်း စုစုပေါင်း ၇၉၃ စခန်း ပြန်လည်ပြုပြင်နိုင်ခဲ့ သဖြင့် စုစုပေါင်း မိုဘိုင်းစခန်း ၁၁၂၂ စခန်း ရာခိုင်နှုန်းအားဖြင့် ၉၁ ဒသမ ၀၀ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment