Monday, May 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအားတက်ရောက်ဖွင့်လှစ်ပေး


ပုသိမ် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။








ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဖျော်ဖြေရေးအဖွဲ့များ၏ ကပြတီးခတ်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က “ယနေ့ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ်၊ ထိန်ကုလားကျေးရွာကုန်ထုတ်လမ်းသည် ကျေးရွာအတွက်အမှန်တကယ်အကျိုးရှိမည့်လမ်းဖြစ်ပြီး ကျေးရွာ၏လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ၌ များစွာအထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ထိန်ကုလားကျေးရွာ ကုန်ထုတ်လမ်းအတွင်းပိုင်းအား မြစိမ်းရောင်ကျေးရွာ အတိုးရငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ဆက်လက်လိုအပ်နေသည့် လမ်းပိုင်းအတွက်ကိုလည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၆၉ သန်း‌ကျော်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းတစ်လမ်းအဖြစ် ယနေ့တွေ့မြင်ရသည်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ကုန်ထုတ်လမ်းအား ရေရှည်တည်တံ့ပြီး သားစဉ်မြေးဆက်အကျိုးရှိစွာအသုံးချနိုင်ဖို့ သက်ဆိုင်ရာဌာနများနှင့် ဝိုင်းဝန်းထိန်းသိမ်းပေးရမှာဖြစ်ပါကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသောပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊အထူးသဖြင့် ပညာရေးပိုင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းတက်ရောက်ရန်လည်းလိုပါကြောင်း၊ ပညာရေးတိုးတက်မှ ကျေးရွာနှင့်လူမှုရေးများပါ တိုးတက်မည်ဖြစ်ပါကြောင်း၊ အနာဂတ်လူငယ်လူရွယ်များအား ပညာရေးကို ကြိုးစားသင်ကြားပေးဖို့လည်း ပြောကြားလိုပါကြောင်း၊ သက်ဆိုင်ရာဌာနများအပြင် မိမိတို့ကလည်းအားထည့်လုပ်ဆောင်ပါက ထိန်ကုလားကျေးရွာသည် နောင်မကြာမီကာလအတွင်း၌ ယခုထက်ဖွံ့ဖြိုးတိုးတက်သည့် ကျေးရွာကြီးဖြစ်ပါစေကြောင်း” အဖွင့်အမှာစကားများပြောကြားသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးသည် ကျေးလက်ဒေသအားအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး ကျေးလက်နေလူဦးရေ (၈၅) ရာခိုင်နှုန်းနှင့် မြို့ပေါ်နေလူဦးရေ (၁၅) ရာခိုင်နှုန်းရှိပါကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ အပါအဝင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ တစ်ဖက်မှလည်း နိုင်ငံတော်မှစီမံဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်မှလည်းပြည်သူလူထုအနေဖြင့် လမ်းကိုရေရှည်တည်တံ့ခိုင်မာအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း" အမှာစကားများ ဆက်လက်ပြောကြားခဲ့ပြီးနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့နှင့်အတူ ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီးနောက် ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးတွင် ဆောင်ရွက်ခဲ့သောလမ်းဖြစ်ပြီး လမ်းအရှည် ၂၄၅၀ပေ၊ အကျယ် ၁၀ ပေနှင့် ထု ၇ လက်မရှိကြောင်းသိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ထိန်ကုလားကျေးရွာ မူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက်အပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စာရေးကရိယာပစ္စည်းနှင့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)


 

No comments:

Post a Comment