Monday, May 29, 2023

ကျွန်တော်တို့ ဆန်စပါးကဏ္ဍကို ပုဂ္ဂလိက-အစိုးရ ပူးပေါင်းပြီးတော့ ဘက်ပေါင်းစုံကနေပြီး တိုးတက်အောင်ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်

 


တွေ့ဆုံမေးမြန်း - သီသီမင်း ဓာတ်ပုံ-ဖြိုး

ပြည်သူလူထု၏ အဓိကအခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ဈေးကွက်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ထိန်းညှိလုပ်ဆောင်သွားမည့်အစီအစဉ်များ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး၊ ပြည်တွင်း၊ ပြည်ပထုတ်လုပ်တင်ပို့နေမှု အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။

မေး ။ ။ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်နေမှုများနှင့် ပြည်တွင်း၊ ပြည်ပထုတ်လုပ် တင်ပို့နေမှုအခြေအနေကို သိချင်ပါတယ်။

ဖြေ။ ။ နိုင်ငံ့စီးပွားမြှင့်တင်ဖို့ ဆန်စပါးဖြင့် ကြိုးပမ်းစို့ဆိုတဲ့ လက်ရှိမြန်မာ့ဆန်စပါး ကဏ္ဍဖွံ့ဖြိုးရေးဆောင်ပုဒ်ရှိပါတယ်။ ဆန်စပါးကဏ္ဍ အနေနဲ့ပြောမယ်ဆိုရင် တစ်နှစ်ကို နွေစပါးဧက နှစ်သန်း၊ မိုးစပါးဧက ၁၅ သန်း တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ နှစ်စဉ် ဧက ၁၇ သန်းခန့် စိုက်ပျိုးထုတ်လုပ်နေပါတယ်။ ဆန်တန်ချိန် ၁၃ သန်း၊ ၁၄ သန်းခန့် ထုတ်လုပ်မှုရှိပါတယ်။ တန်ဖိုးအားဖြင့် ပြောမယ်ဆိုရင် ကျပ်ဘီလီယံပေါင်း ၁၄၀၀၀၊ ၁၅၀၀၀ ခန့်တန်ဖိုးရှိတယ်။ ဆန်တန်ချိန် ၁၃ သန်း၊ ၁၄ သန်း ခန့်မှာ ၁၀ သန်းခန့်က ပြည်တွင်းစားသုံးမှုပါ၊ ပြည်ပ တင်ပို့တဲ့ လုပ်ငန်းနဲ့ ပြည်တွင်းလက်ကျန်နဲ့က နှစ်စဉ် ကျွန်တော်တို့ တန်ချိန် နှစ်သန်း၊ သုံးသန်းခန့်ရှိပါတယ်၊ ပြည်ပတင်ပို့မှုကတော့ ဆန်တန်ချိန် နှစ်သန်းခန့် နှစ်စဉ် တင်ပို့နိုင်ပါတယ်။

ဆန်စပါးမူဝါဒနဲ့ပတ်သက်ရင် နိုင်ငံတော်က သတ်မှတ်ထားတာ ပြည်တွင်းဖူလုံဖို့က အဓိကဖြစ်ပါ တယ်။ ပိုလျှံတော့မှ ပြည်ပပို့ဖို့ပေါ့၊ မြန်မာနိုင်ငံရဲ့ လက်ရှိလူဦးရေက သန်း ၅၀ ကျော်၊ ၆၀ ရှိပါတယ်။ သန်း ၅၀ ကျော် ၆၀ ကနေ တစ်နေ့နေ့မှာ လူဦးရေသန်း ၁၀၀ ဖြစ်ခဲ့မယ်ဆိုရင် လူဦးရေသန်း ၁၀၀စားသုံး နိုင်အောင် ထုတ်လုပ်တဲ့ စားရေရိက္ခာဖူလုံမှု ရည်မှန်းချက်က နိုင်ငံတော်အကြီးအကဲတွေ လမ်းညွှန်ထားတဲ့ ကာလရှည်ရည်မှန်းချက်ဖြစ်ပါတယ်။

အဲဒီလိုပဲ ပြည်ပကို တင်ပို့တဲ့နေရာမှာ အရည်အသွေးကောင်း တန်းမြှင့်ဆန်ကို ကျွန်တော်တို့ ပိုမိုပြီး တင်ပို့နိုင်ဖို့ ဆန်တန်ချိန် သုံးသန်း၊ လေးသန်း၊ ငါးသန်းဆိုတာထက် ဆန်တင်ပို့မှုကနေ ဝင်ငွေ ဘယ်လောက်တိုးတက်ရမလဲဆိုတဲ့ဟာ တစ်နည်းအားဖြင့် Qualitative drive နဲ့ ကျွန်တော်တို့သွားဖို့ရှိပါတယ်။

အသင်းချုပ်အနေနဲ့ ဆန်တင်ပို့မှုကနေပြီးတော့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရဖို့ ကာလတိုမှာ ရည်မှန်းချက်ထားပါတယ်။ ကာလတိုဆိုတာက သုံးနှစ်လောက်အတွင်းမှာ တစ်နှစ်ကို ဆန်တင်ပို့မှု ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ခန့်ရအောင်။ အခုဆိုရင် အမေရိကန်ဒေါ်လာ သန်း ၈၀၀၊ ၉၀၀ လောက်ရတယ်။ ဒါက နံပါတ် () ရည်မှန်းချက်ပါ။

နံပါတ် () ရည်မှန်းချက်က အရည်အသွေး ကောင်းတဲ့ တန်းမြှင့်ဆန်၊ ပြည်တွင်းဈေးကွက်က ကြိုက်တဲ့ဆန်တွေ၊ ပြည်ပဈေးကွက်က ကြိုက်တဲ့ဆန်တွေ တန်းမြှင့်ဆန်တွေကို ဦးစားပေးပြီး စိုက်ပျိုး ထုတ်လုပ်ဖို့ရှိပါတယ်။ ပြည်တွင်းဈေးကွက်က ကြိုက်တဲ့ဆန်တွေဆို ပေါ်ဆန်းအုပ်စု၊ မနောသုခ၊ ပြည်တွင်းမှာစားတဲ့ ရက် ၉၀၊ ဧရာပဒေသာ၊ ဧရာမင်း၊ ပခန်း၊ နှံကား စတဲ့ပြည်တွင်းဈေးကွက်က ကြိုက်နှစ် သက်တဲ့ဆန်တွေကို ဦးစားပေးပြီး ထုတ်ဖို့ရှိတယ်။

အဲဒီလိုပဲ ပြည်ပဈေးကွက်က ကြိုက်တဲ့ ငစိန်၊ ကရင်မ၊ ဆင်းသုခ၊ ရက် ၉၀ စတဲ့ မျိုးတွေကိုလည်း မျိုးစေ့ကနေစပြီး ထုတ်လုပ်ကြိတ်ခွဲသိုလှောင် ရောင်းချတဲ့လုပ်ငန်းစဉ်တွေကိုပါ လုပ်နေပါတယ်။

ဆန်စပါးဟာ ပြည်တွင်းနေ့စဉ် အားလုံးစားသုံးနေတဲ့ စားရေရိက္ခာဖြစ်တယ်။ ဆန်စက်တွေက မြန်မာနိုင်ငံမှာ နှစ်သောင်းဝန်းကျင်ရှိပြီး ဆန်စပါးလုပ်ငန်းတစ်ခုလုံးနဲ့ဆက်စပ်ပြီး အလုပ်အကိုင် ဖန်တီးပေးထားတာ ၁၀ သန်းလောက်ရှိတယ်။ ဆန်စပါးကို စိုက်ပျိုးတဲ့တောင်သူက လေးသန်း လောက်ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဆန်စပါး ကဏ္ဍကို ပုဂ္ဂလိက-အစိုးရ ပူးပေါင်းပြီးတော့ ဘက်ပေါင်းစုံကနေပြီး တိုးတက်အောင်ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။

မေး ။ ။ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်တဲ့အခါ လိုအပ်ချက်တွေ၊ နိုင်ငံတော်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေ ရှိရင်လည်းသိချင်ပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ ကာလတို၊ ကာလလတ်၊ ကာလရှည် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ နံပါတ်တစ်အနေနဲ့ ပုဂ္ဂလိကအစိုးရ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာဖို့လိုပါတယ်။ နံပါတ်နှစ်က ဆန်စပါးကဏ္ဍအတွင်းမှာရှိနေတဲ့ တောင်သူတွေ၊ စက်ပိုင်တွေ၊ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေအားလုံး လုပ်သာကိုင်သာရှိတဲ့အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။ တတိယတစ်ချက်ကတော့ ချေးငွေတွေ လိုပါတယ်။ ချေးငွေဆိုတဲ့နေရာမှာ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ချေးငွေတွေလိုတယ်။ Export လုပ်တဲ့သူတွေအတွက် ချေးငွေတွေလိုတယ်။ စက်ပိုင်တွေအတွက် လှည့်ပတ်ငွေ၊ စက်တွေ အဆင့်မြှင့်တင်ဖို့ ချေးငွေတွေလိုတယ်။

အခုဆိုရင် ကျွန်တော်တို့ စပါးခွံကနေ လျှပ်စစ်ဓာတ်အားထုတ်ဖို့၊ ဖွဲနုကနေ ဖွဲနုဆီ၊ စားသုံးဆီထုတ်ဖို့၊ ဆန်စပါးကနေ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ဖို့ဒါတွေက ကျွန်တော်တို့သွင်းကုန်အစားထိုးကုန် ထုတ်လုပ်မှုတွေလုပ်ဖို့ ဒီအတွက်ကျွန်တော်တို့က ချေးငွေတွေလိုပါတယ်။ ချေးငွေဆိုတဲ့နေရာမှာ ပုဂ္ဂလိကကဏ္ဍကလည်း ထည့်ဖို့ရှိတယ်။ နိုင်ငံတော် ဘက်ကလည်းပါဝင်ပြီး လုပ်ငန်းတွေလုပ်ဖို့ စီစဉ် နေတဲ့အနေအထားဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်းက တော့ ပို့ကုန်ချေးငွေ (Export financing ) ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလမှာ ဘီလီယံ ၈၀ နီးပါး ဆန်စပါး အသင်းချုပ်ကနေ တစ်ဆင့် Export လုပ်နေတဲ့ကုမ္ပဏီတွေကို ပေးပါ တယ်။ ဒါပထမဆုံးပေးတာပါ။ တော်တော်ကိုများတဲ့ ပမာဏဖြစ်ပါတယ်။

နိုင်ငံတော်ကနေပြီးတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရယ် ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဆန်စပါးအသင်းချုပ်နဲ့ ကုမ္ပဏီ ၄၀ ကျော်၊ ဒီ ကုမ္ပဏီ ၄၀ ကျော်နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ဆန်တန်ချိန် နှစ်သိန်းကျော်တင်ပို့ခဲ့ပါတယ်။ ဒီဆန်တန်ချိန် နှစ်သိန်းတင်ပို့တဲ့လုပ်ငန်းစဉ်တွေကို လွယ်ကူချောမွေ့အောင် ပို့ကုန်ချေးငွေကို နိုင်ငံတော်ကနေ ဘီလီယံ ၈၀ လောက် ပေးတာဖြစ်ပါတယ်။ လုပ်ငန်း စဉ်တွေကို ဆက်ပြီးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ပို့ကုန်ချေးငွေရတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်တယ်။ တင်တဲ့အခါမှာ ရန်ကုန်ဆိပ်ကမ်းတင် မဟုတ်ဘူး၊ ရခိုင်ပြည်နယ် စစ်တွေကနေလည်း တင်တယ်။ ဧရာဝတီ ပုသိမ်ကလည်း တင်တယ်၊ ဆိပ်ကမ်းတွေ ခွဲပြီးတော့တင်တဲ့အခါမှာ ပြည်ထောင်စု မှာရှိတဲ့ ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေကြားထဲ မှာလည်း ဖွံ့ဖြိုးမှုလမ်းကြောင်းက ပိုပြီးဟန်ချက်ညီပါတယ်၊ ပြည်ပကို တင်ပို့တဲ့လုပ်ငန်းကို လုပ်တဲ့အခါမှာ ရန်ကုန်တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆိပ်ကမ်း၊ နောက်ဆိုရင် မော်လမြိုင်ဘက်ကနေ တင်ပို့နိုင်တဲ့အနေအထားတစ်ခုအထိလုပ်ဖို့ လမ်းညွှန်မှုတွေနဲ့အညီ ကျွန်တော်တို့စီစဉ်နေပါတယ်။ ပြည်ပတင်ပို့တဲ့လုပ်ငန်းကိုလည်း ကျွန်တော်တို့က ဆက်လက်ပြီးဖွံ့ဖြိုးအောင် ပို့ကုန်ချေးငွေလိုမျိုး အစီအစဉ်တွေကို ဆက်လက်ပြီးလုပ်ဖို့အစီအစဉ်တွေ လည်းရှိတယ်။

ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးအတွက် လုပ်ဆောင် သင့်တာတွေကို ဆန်စပါးအသင်းချုပ်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေဖြစ်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဌာနဆိုင်ရာတွေနဲ့ စိုက်ပျိုးရေးသုတေသန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တို့ ဖွံ့ဖြိုးရေးမိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ပြည်တွင်း ဈေးကွက်တည်ငြိမ်အောင်ရယ် ပြည်ပတင်ပို့မှုကိုလည်း ကျွန်တော်တို့လုပ်နိုင်အောင် ညှိနှိုင်းပြီး ဆောင်ရွက်နေတယ်ဆိုတာပြောချင်ပါတယ်။

မေး ။ ။ ဆန်စပါးဈေးနှုန်း မြင့်တက်လာရတဲ့ အကြောင်းရင်းနဲ့ ဈေးနှုန်းတည်ငြိမ်ရေးအတွက် မည်ကဲ့သို့ထိန်းညှိ ဆောင်ရွက်သွားမယ်ဆိုတာ သိချင်ပါတယ်။

ဖြေ ။ ။ ဆန်ဈေးနှုန်း မြင့်တက်နေတဲ့အပေါ်မှာ အကြောင်းအရာက သုံးခုလောက်ရှိတယ်။ အဓိကက လှောင်လက်တွေများတယ်။ ဈေး ကို တက်အောင်လုပ်ပြီးမှ ထုတ်ရောင်းတာဖြစ်တယ်။ ဒီဟာတွေကို ကျွန်တော်တို့က စိစစ်ဖော်ထုတ်ပြီးဆောင်ရွက်ဖို့ရှိပါတယ်။ လူမှုကွန်ရက်တွေကနေပြီးတော့ မှန်တဲ့သတင်းတွေ တင်ပြနေတာရှိသလို လွဲမှားနေတဲ့သတင်းတွေ၊ သူတို့ရဲ့ရည်ရွယ်ချက်ကို အားပေးနေတဲ့သတင်းမျိုးတွေကို တားဆီးဖို့ရှိပါတယ်။

အခုဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆန်သိုလှောင်တဲ့သူတွေ မှတ်ပုံတင်မယ့်စနစ် လုပ်ဖို့ ရှိပါတယ်။ လှောင်လက်တွေဆိုတဲ့နေရာမှာ ပုံမှန် သမားရိုးကျလှောင်တဲ့သူတွေရှိသလို အခြားရွှေတို့၊ ဒေါ်လာတို့ ဈေးကစားလို့မရအောင် နိုင်ငံတော်အစိုးရ ကနေပြီးတော့ ကိုင်တွယ်ထားတဲ့အခါမှာ ဆန်တို့၊ ပဲတို့မှာ လာပြီးတော့ရင်းနှီးမြှုပ်နှံတယ်။ လာပြီး ရင်းနှီးမြှုပ်နှံတာကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ ဈေးကွက်ကမောက်ကမဖြစ်အောင် လာပြီးလုပ်တဲ့ အနေအထားမျိုးဆို ပြည်သူတွေရော အားလုံးထိခိုက် မှာဖြစ်တဲ့အတွက် ဒီကိစ္စတွေမလုပ်ဖို့ပေါ့၊ အခုတော့ ကျွန်တော်တို့က သိုလှောင်ရုံမှတ်ပုံတင်စနစ်ကို စတော့မှာဖြစ်ပါတယ်။

ဒီလိုမျိုး သိုလှောင်ရုံမှတ်ပုံတင်စနစ်ကို လုပ်ခြင်းအားဖြင့် ကိုယ့်ပြည်တွင်းမှာ ဘယ်လောက်သိုလှောင် ထားတယ်ဆိုတာ ကိန်းဂဏန်းအချက်အလက် ခိုင်ခိုင်မာမာသိနိုင်သလို၊ သိုလှောင်တဲ့သူတွေရဲ့ မှန်မှန် ကန်ကန်လုပ်တဲ့အနေအထားပေါ်မှာ ကူညီပေးလို့ရသလို ရည်ရွယ်ချက်ရှိရှိနဲ့ ကမောက်ကမဖြစ်အောင် လုပ်တဲ့သူတွေကို ဟန့်တားနိုင်တယ်၊ တားဆီးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့သိုလှောင်ရုံ မှတ်ပုံ တင်တဲ့စနစ်ကို စပြီးတော့လုပ်ပါမယ်။ ဒီဟာကို ကျွန်တော်တို့ ဆောင်ရွက်တဲ့အခါကျရင် ဆန်တန်ချိန် ၅၀၊ စပါးတင်း ၅၀၀၀၊ အဲဒီထက်ပိုပြီး သိုလှောင်မယ် ဆိုရင် မှတ်ပုံတင်လိုပါတယ်၊ ဒါကိုဆောင်ရွက်ဖို့ စီစဉ် နေတဲ့ အနေအထားဖြစ်ပါတယ်။ တောင်သူတွေ သိုလှောင်မှု၊ ရိက္ခာချန်ထားမှုတွေနဲ့တော့ မဆိုင်ပါဘူး။ ဆန်စက်၊ ဆန်ကုန်သည်၊ ဆန်အရောင်းဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေရဲ့ သိုလှောင်မှုကိုသာ မှတ်ပုံတင်မှာ ဖြစ်ပါတယ်။

မေး။ ။ ဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါရှင့်။

ဖြေ ။ ။ ဈေးကွက်ထဲမှာ ပြည်သူကို သတင်းမှားတွေ ပေးနေတာရှိတယ်။ စိုးရိမ်ပူပန်မှုတွေ ဖြစ်အောင်ဖန်တီးတယ်။ လူမှုကွန်ရက်ကနေဆန်ဈေး နဲ့ပတ်သက်ပြီး သတင်းမဟုတ်တာတွေ လှုံ့ဆော် နေတာတွေ့ရတယ်။ တချို့ဆို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာတွေ့ရတယ်။ ဆန်အဝင်မရှိပါဘူး ဆိုတာတွေ။ ဆန်အဝင်မရှိပါဘူးဆိုတော့ ပြည်သူလူထုက စိုးရိမ်တာပေါ့၊ ဆန်ပြတ်လပ်သွားရင် ဘယ်လိုလုပ်မလဲ ဆိုပြီးဖြစ်ကြတာ၊ အမှန်ကမဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ စပါးက လုံလုံလောက်လောက်ရှိပါတယ်။ လျှပ်စစ်မီးက အချိန်ကန့်သတ်ချက်နဲ့ပဲရတဲ့အခါ ကျတော့ ဆန်စက်တွေက လည်ပတ်ရတဲ့အချိန် နည်းတယ်။ မီးစက်နဲ့လည်ရတဲ့အခါကျတော့ ဈေးကြီးတယ်။ ဒီပေါ်မှာ နည်းနည်းအခက်အခဲရှိတဲ့အတွက် ဆန်အဝင်က နည်းကောင်းနည်းနိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဖူလုံမှု၊ ပိုလျှံမှုက အမှန်တကယ် ရှိတာဖြစ်လို့ စိုးရိမ်ဖို့မလိုအပ်ပါဘူး။

လက်ရှိဆန်ဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် မနှစ်ကထက် ဒီနှစ်ဆန်ဈေးနှုန်းတွေဟာ တချို့ဆန် အမျိုးအစားတွေမှာ ၃၀ ရာခိုင်နှုန်းလောက် တက်တယ်။ တချို့ဆန်အမျိုးအစားတွေမှာဆို ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိကို တက်သွားတယ်။ စက်ရုံအလုပ်ရုံဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေကို သက်သာတဲ့ဈေးနဲ့ ဆန်ဖြန်ဖြူး တဲ့အစီအစဉ်ကို လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခုလည်းလုပ်ဆောင်နေပါတယ်၊ နောက်လည်း ဒီထက်တိုးချဲ့ပြီးလုပ်သွားဖို့ အစီအစဉ်တွေရှိပါတယ်။

စားသုံးသူပြည်သူတွေကို မေတ္တာရပ်ခံချင်တာက ဆန်ကိုလိုသလောက်ပဲဝယ်ပါ။ ဆန်ဈေးနှုန်း တည်ငြိမ်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဝယ်ရင်လည်း ထိုက်သင့်တဲ့ပစ္စည်းမှန် ဈေးနှုန်းမှန်လားဆိုတာ ဝယ်သူတွေဘက်က ကူညီပေးစေချင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ဆန်ကို သိုလှောင်ပြီးဈေးကစားတာတို့၊ ဈေးနှုန်းကြီးမြင့်အောင်လုပ်တာတို့ကို ဖော်ထုတ်ပြီး ပညာပေးတာ အရေးယူတာတွေလုပ်ဖို့ စီစဉ်နေပါပြီ။ ဒါကြောင့် စားသုံးသူနဲ့ ရောင်းချသူနှစ်ဦးနှစ်ဖက် ညီမျှမယ်ဆိုရင် ဈေးကွက်တည်ငြိမ်မှုမှာ ပိုပြီးတော့ ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ရှင့်။ ။

No comments:

Post a Comment