Tuesday, May 2, 2023

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်စုပေါင်းလောင်းလှူပွဲ မင်္ဂလာပြုလုပ်

 


နေပြည်တော် မေ ၂

သာသနာတော်နှစ် ၂၅၆၆-၆၇ ကဆုန်လပြည့် ဗုဒ္ဓနေ့အားရည်မှတ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာနှင့် ဆွမ်းဆန်တော် စုပေါင်းလောင်းလှူပွဲမင်္ဂလာကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ် ပွားတော် များ တန်ဆောင်း၌ ကျင်းပသည်။

 


ဦးစွာ ဆရာတော်၊ သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တက်ရောက်လာကြသူများက အခမ်းအနားကို "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ထို့နောက် စောင်းပညာရှင် ဦးထွန်းဝဏ္ဏစိုး (တွဲဖက်ပါမောက္ခ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့်တွဲဖက်၍ တေးသံရှင် ခိုင်ဇင်ရွှေ(ကထိက)က "ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနား" သီချင်းခံ့သုံးပိုဒ်ဖြင့် သီကျူးပူဇော်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်မဟာသံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တသီဟနာဒထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တာသုတ် ပရိတ်တရားတော်ရွတ်ပွား သရဇ္ဈာယ် တော်မူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)၊ ပါဠိပါရဂူဘဒ္ဒန္တနာရဒါဘိဝံသ ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနားကို ရွှေတိဂုံစေတီတော် အထက်ပစ္စယံ၌ ဆက်လက်ကျင်းပရာ ဆရာတော်သံဃာတော်(၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေသည့် ဆရာတော်သံဃာတော် (၁၁၀၀၀)ပါးတို့က ဥဒါန်းပဠိတော်လာနည်းအတိုင်း ဗုဒ္ဓါဘိသိတ်သွန်းလောင်းတော်မူသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ရွှေတိဂုံစေတီတော်ရင်ပြင်တော်၌ ဆရာတော်သံဃာတော်(၁၁၁)ပါးနှင့် ပြည်သူ့ရင်ပြင်တွင် သီတင်းသုံးနေသည့် ဆရာတော်သံဃာတော် (၁၁၀၀၀)ပါးတို့အား ဆွမ်းဆန်တော်များစုပေါင်း လောင်းလှူကြပြီး အနုပညာရှင်များက ဓမ္မပူဇာတေးသီချင်းများဖြင့် ပူဇော်ကန်တောကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment