Friday, May 5, 2023

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

 


နေပြည်တော် မေ ၅

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြာသည်။

 









အစည်းအဝေးသို့နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ဒုတိယဝန်ကြီးချုပ်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ Jeng Pheng နော်တောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့်ကာလတွင် ပထမအကြိမ်ကျင်းပပြုလုပ်သည့် အစည်းအဝေးပင်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နှင့် သမိုင်းစဉ်တစ်လျှောက် စည်းလုံးညီညွတ်စွာနေထိုင်နိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ကိုလိုနီနယ်ချဲ့၏ ကျွန်ဘဝကို နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ရပြီးနောက်ပိုင်း သွေးခွဲအုပ်ချုပ်မှုကြောင့် အချင်းချင်းစည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရခြင်းဖြစ် ပါကြောင်း၊လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ဒေသနေတိုင်းရင်းသားပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာနောက်ကျခဲ့ကြရပါကြောင်း။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ၁၉၈၉ ခုနှစ်၊ မေ ၂၅ ရက်တွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီကို အဖွဲ့ဝင် ၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၁၉၈၉ ခုနှစ်မှစတင်ပြီး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများဖွဲ့စည်းကာ အထူးဖွံ့ဖြိုးရေးဒေသများသတ်မှတ်ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၁၉၉၂ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ ကို အဖွဲ့ဝင် ၂၂ ဦး၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးခဲ့ ပါကြောင်း။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၆ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊      နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင်တည်ငြိမ်အေးချမ်းရေး (Peace and Stability)သည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီးဆောင်ရွက်ရန်လိုအပ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ တာဝန်ယူချိန်မှစပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်သူလူထုတစ်ရပ်လုံးလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ပြည်ထောင်စုတစ်ဝန်းလမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးတို့ကို အလေးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍများ တိုးတက်လာစေရန်အတွက် လူမှုစီးပွားဘဝအခြေခံအဆောက်အအုံများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအပြင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက်လည်း စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ်နေပါကြောင်း၊ အလားတူ တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန်အတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့်အစိတ်အပိုင်းတွင်ပါဝင်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် နယ်စပ်ဒေသအသီးသီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုး/မွေးမြူရေး ကဏ္ဍစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအားလုံးကို နယ်စပ်ရေးရာဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက်သက်ဆိုင်သည့် ဝန်ကြီးဌာနအားလုံး ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်မည်လည်းဖြစ်ပါကြောင်း။

နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည်မှာ ပညာရည်မြင့်မားမှုဖြစ်ပါကြောင်း၊ ၁၉၉၉ ခုနှစ်က ၂၀၁၄ ခုနှစ်အထိ ပြည်ထောင်စုတစ်ခုလုံး ကျောင်းစတက်ခဲ့ကြသည့် လူငယ်ပေါင်း ၁၉,၄၄၁,၇၁၁ ဦးရှိရာတွင် အလယ်တန်းအဆင့် (၅)တန်းတက်ရောက်သူ ၁၁,၁၃၇,၃၁၈ ဦးဖြစ်သဖြင့် တက်ရောက်ရာခိုင်နှုန်း ၅၇.၂၉ ရာခိုင်နှုန်း၊ လျော့နည်းရာခိုင်နှုန်း ၄၂.၇၁ ရာခိုင်နှုန်းရှိပါကြောင်း၊ (၈)တန်းအထိ တက်ရောက်ပညာသင်ကြားသူ ၇,၇၈၇,၄၁၂ ဦး၊ တက်ရောက်ရာခိုင်နှုန်း ၄၀.၀၆ ရာခိုင်နှုန်းဖြင့် လျော့နည်းရာခိုင်နှုန်း ၅၉.၉၄ ရာခိုင်နှုန်းရှိပါကြောင်း၊ ၆၀ ရာခိုင်နှုန်းခန့်ဖြစ်ပါကြောင်း၊ ထို့အထဲတွင် ကချင်ပြည်နယ်မှ (၅)တန်းတက်ရောက်သူ ၇၆.၈၁ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၅၈.၁၁ ရာခိုင် နှုန်း၊ ကယားပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၇၃.၆ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၄၈.၂၉ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၃.၅၃ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၁.၁ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှ (၅)တန်းတက်ရောက်သူ ၅၇.၉၃ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၇.၄၅ ရာခိုင်နှုန်း၊ မွန်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၅၉.၅ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၇.၈ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၄၁.၅၅ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၂၉.၇၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မှ (၅)တန်း တက်ရောက်သူ ၄၈.၂၈ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၀.၉ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးမှ (၅)တန်း တက်ရောက်သူ ၅၆.၂ ရာခိုင်နှုန်း၊ (၈)တန်း တက်ရောက်သူ ၃၁.၃၃ ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါကြောင်း၊ အဆိုပါအချက်အလက်များအရ နယ်စပ်ဒေသပညာရေးမြှင့်တင်မှုသည် ထိုထက်ပိုမိုဆောင်ရွက်ရန်လိုပါကြောင်း၊ မိမိတို့အစိုးရ၏ ပညာရေးမျှော်မှန်းချက်သည် ကျောင်းနေ အရွယ်အားလုံး အနိမ့်ဆုံး KG+9 အောင်မြင်ရေးဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး ပညာရည်မြင့်မားရေး အလေးထားဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။

ကျန်းမာရေးကဏ္ဍကိုကြည့်မည်ဆိုပါက၂၀၂၂ ခုနှစ် ပြည်ထောင်စု၏ မျှော်မှန်းသက်တမ်းသည် ကျား ၆၃ ဒသမ ၄ နှစ်၊ မ ၇၂ ဒသမ၂ နှစ်၊ ပျှမ်းမျှ သက်တမ်း ၆၇ ဒသမ ၇ နှစ် ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် ကျား ၆၂ ဒသမ ၇ နှစ်၊ မ ၇၂ ဒသမ၂ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၇ ဒသမ ၄ နှစ်၊ ကယားပြည်နယ်တွင် ကျား ၆၂ ဒသမ ၅ နှစ်၊ မ ၇၃ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၇ ဒသမ ၆ နှစ်၊ ကရင်ပြည်နယ်တွင် ကျား ၆၁ ဒဿမ ၃ နှစ်၊ မ ၇၀ ဒသမ ၁ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၅ ဒသမ ၆ နှစ်၊ ချင်းပြည်နယ်တွင် ကျား ၆၁ နှစ်၊ မ ၆၇ ဒသမ ၅ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၄ ဒဿမ ၂ နှစ်၊ မွန်ပြည်နယ်တွင် ကျား ၆၁ ဒသမ ၈ နှစ်၊ မ ၇၂ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၆ ဒသမ ၈ နှစ်၊ ရခိုင်ပြည်နယ်တွင် ကျား ၆၄ ဒသမ ၆ နှစ်၊ မ ၇၂ ဒသမ ၂ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၈ ဒသမ ၃ နှစ်၊ ရှမ်းပြည်နယ်တွင် ကျား ၆၃ ဒသမ ၇ နှစ်၊ မ ၇၂ ဒသမ ၃ နှစ်၊ ပျှမ်းမျှသက်တမ်း ၆၇ ဒသမ ၉ နှစ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျား ၆၅ ဒသမ ၁ နှစ်၊ မ ၇၁ ဒသမ ၉ နှစ်၊ ပျှမ်းမျှ သက်တမ်း ၆၈ ဒသမ ၄ နှစ် ပျှမ်းမျှဖြစ်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုလုပ်ဆောင်ရန်လိုပါကြောင်း။

အလားတူ စိုက်ပျိုး/မွေးမြူရေးသည် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပါကြောင်း၊ တိုင်းပြည်စားရေရိက္ခာပေါများရေး၊ ဒေသအလိုက်ဝမ်းစာဖူလုံရေးသည် မိမိတို့၏ မျှော်မှန်းချက်ဖြစ်ပါကြောင်း၊ အခြေခံစားကုန်များ၊ သားငါးများဒေသအလိုက် ဖူလုံအောင်ကြိုးစားရမည်ဖြစ်သကဲ့သို့ စိုက်ပျိုး/မွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရရှိထားသည့်ရလဒ်များကို ကျေနပ်မနေဘဲ အရေအတွက်ရော အရည်အသွေးပါပိုမိုကောင်းမွန်သည့် စိုက်/မွေး ထုတ်ကုန်များရရှိအောင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ နယ်စပ်ဒေသအများစုသည် တောင်တန်းဒေသများဖြစ်ပြီး မြေပြန့်နည်းပါးပါကြောင်း၊ ထို့ကြောင့်အများစုသည် တောင်ယာ၊ ကုန်းမြင့်လယ်နှင့် ဥယျာဉ်များသာစိုက်ပျိုးကြသည့်အတွက် စနစ်ကျနသည့် စိုက်ပျိုးမှုပြုလုပ်နိုင်စေရေး စီမံပေးရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို များစွာ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ နွား မွေးမြူရေးများကို ထူထောင်ပေးခြင်းဖြင့် ဝင်ငွေကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်အများစုတွင်စတင်ဖွင့်လှစ်မည့်စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာအထက်တန်းကျောင်းများတွင် အင်တိုက်အားတိုက်ပညာသင်ကြားနိုင်ရေးကူညီပေးပြီး ပညာတတ်များ မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ သိပ္ပံများ၊ ကောလိပ်များ၊ တက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြားနိုင်ရေး၊ ပညာရှင်များ မွေးထုတ်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသုတေသနများကိုလည်း ထိရောက်စွာပြုလုပ်ပြီး အဆိုပါကဏ္ဍများ တိုးတက်အောင်လုပ်ရမည်ဖြစ်ပါကြောင်း။

သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးသည်လည်း ဒေသဖွံ့ဖြိုးရေးတွင် များစွာအရေးပါကြောင်း၊ ဆက်သွယ်ရေးကောင်းမွန်မှုသည် ဒေသစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ခြင်းကြောင့် ဆက်သွယ်မှုကွန်ယက်များ ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် ဆက်သွယ်ရေးကွန်ယက်ဆောင်ရွက်ရန် လိုကြောင်း၊ လူမှုစီးပွားအထောက်အကူပြုမည့် ဒေသအလိုက် အသေးစား၊ အငယ်စား၊ အလတ်စားရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း။

နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက်အစိုးများသည် မဟာဗျူဟာလုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ မိမိတို့၏ တိုင်းရင်းသားညီအစ်ကိုများ၊ မိမိတို့၏ ပြည်သူများ မှီတင်းနေထိုင်ကြသည့် နယ်စပ်ဒေသများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက်ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းကဏ္ဍများများစွာရှိသေးသည်ကိုလည်း သုံးသပ်တွေ့ရှိရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်က နယ်စပ်ဒေသနေတိုင်းရင်းသားလူငယ်များအတွက် ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် အခြေခံပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၇ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၃၀၀၇ ဦး ပညာသင်ကြားပေးနိုင်ခဲ့ကာ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ကြားနိုင်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၄၀၅၈ ဦးတို့ကို မဟာပညာရေးဘွဲ့၊ မဟာဒဿနပညာရေးဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ အလယ်တန်းဆရာအတတ်ပညာ၊ အထူးမူလတန်းဆရာ အတတ်ပညာ၊ မူလတန်းဆရာအတတ်ပညာများ တတ်မြောက်အောင် သင်ကြား လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နဲ့ စစ်ကိုင်းတို့တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၄၇၀၁ ဦးတို့ကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ AGTI ၊ B.Tech ဘွဲ့များရရှိအောင် သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်နယ်/တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေကြပြီဖြစ်ပါကြောင်း။

သက်မွေးပညာကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၉ ကျောင်းဖွင့်လှစ်ပြီး သင်တန်းသား ၆၀၇၇ ဦးကို ဆောက်လုပ်ရေး၊ စက်ပြင်၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်၊ လက်ကိုင်ဖုန်းပြင်၊ အလူမီနီယံ၊ EFI အင်ဂျင်သင်တန်းများ ပို့ချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄၇ ကျောင်းမှာ သင်တန်းသူ ၉၅၀၂၂ ဦး သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ပုဂ္ဂလိကအထည်ချုပ်စက်ရုံများနှင့် ကိုယ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း။ 

နယ်စပ်ဒေသဖွံ့ဖြိုးရေးသည် နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးနှင့်သက်ဆိုင်ပြီး အလွန်အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများအကြား၊ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတွေလည်း တိုးတက်လာမှာပဲဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မည်မျှဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပါစေအဖျက်လုပ်ငန်းကြောင့် အကျိုးမခံစားရသည်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်ရခြင်းများသည် ဆုံးရှုံးမှုများသာဖြစ်ပါကြောင်း၊ တံတားများမိုင်းထောင်ဖျက်ဆီးခြင်း၊ အဆောက်အဦများ မီးရှို့ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးစခန်းများ မိုင်းထောင်ဖျက်ဆီးခြင်း၊ စစ်မက်ဖြစ်ပွားအောင်ဆောင်ရွက်နေခြင်းသည် ဒေသအတွက်အကျည်းတန်သည့်၊ လုံးဝမဖြစ်သင့်သည့် အကြောင်းအရာများဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက်မရှိမဖြစ်လိုအပ်သည့် တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ပါကြောင်း၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူခဲ့ရသည့် ကာလအတွင်းတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါကြောင်း၊ ထိုသို့ဖိတ်ခေါ်ခဲ့သည့်အတွက် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် လက်နက်ကိုင် ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာလျှောက်လှမ်းနိုင်မည့်ရလဒ်များလည်း ရရှိနေပြီဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက်များ မထားဘဲတွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲတံခါးဖွင့်ကြိုဆိုထားသည်ကို ထပ်မံအသိပေးပြောကြားလိုပါကြောင်း။

နယ်စပ်ဒေသများအပါအဝင် ပြည်ထောင်စုကြီး၏ နယ်မြေအားလုံးအကြားအလပ်မရှိ ဆူကြုံနိမ့်မြင့်ကွာဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စုကြီးတစ်ခုလုံး တစ်စည်းတစ်လုံးတည်း မကွဲမပြားညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည်ဆိုသည့် မွန်မြတ်သောရည်မှန်းချက်ကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်မှုတိုးတက်မှုရရှိနေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လမ်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ်တို့ကို အခိုင်အမာချမှတ်ထားပြီးဖြစ်သည့်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် အလေးအနက်ထား အကောင်အထည်ဖော်ခြင်းအားဖြင့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ထိရောက်စွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း။

နယ်စပ်ဒေများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်းတစ်ဖက်မှလည်း နယ်စပ်ဒေသများ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထူထောင်ပေးနိုင်ရေးကြိုးပမ်းကြရန် လိုအပ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှုခိုင်မာမှသာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည် ဆိုသည်ကိုလည်း မျက်ခြည်မပြတ်ကြရန်လိုအပ်ပါကြောင်း။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်တို့အနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများရဲ့ လူမှုစီးပွားဘဝနဲ့ အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေဖို့၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များကို ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပေါ်လာစေရန် ရည်မှန်းချက်များနှင့်အညီ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားကြရန်နှင့်နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာစေရေးတို့ကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက်ဗဟိုကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ၊ မူဝါဒ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကောင်စီဝင်များက နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အကြံပြုတင်ပြကြသည်။ ဆက်လက်၍ ဗဟိုကော်မတီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)က တပ်မတော်မှ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နယ်စပ်ဒေသဖွံ့ဖြိုးမှုတိုးတက်ရေးအတွက် ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဖိဖိစီးစီးဖြင့် တွန်းအားပေးဆောင်ရွက်သွားရန်၊ တိုင်းရင်းသားဒေသအားလုံးအကြားအလပ်မရှိ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ပြီး မြန်မာဆိုသည့်စိတ်ဓာတ်ဖြစ်ပေါ်လာစေရေး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်သွားကြရန်၊ စက်မှုလက်မှုလုပ်ငန်းများဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်တက်တက်ကြွကြွဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းဖြည့်စွက်ဆွေးနွေးသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က နယ်စပ်ဒေသများတွင် ပညာရေးကဏ္ဍအားနည်းသည်ကိုတွေ့ရပါကြောင်း၊ နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများရှိကျောင်းများ အဆောက်အအုံနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် သင်ထောက်ကူပစ္စည်းများနှင့် ဝန်ထမ်းရေးရာပြည့်စုံရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုအပ်ပါကြောင်း၊ နယ်စပ်ဒေသများအတွက် ဆက်သွယ်ရေး (Communication ) သည်အဓိကျသောကြောင့် မဖြစ်မနေဆက်သွယ်မှုရရှိနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံး ဆက်သွယ်ရေးလွှမ်းခြုံမှုရအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကုန်လမ်းသွားလာရေးခက်ခဲသည့် နေရာဒေသများသို့ လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုအပ်ပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် သင်တန်းကျောင်းမှ သင်တန်းသားများကို ကျေးလက်အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးလေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ တိုင်းရင်းသားလူငယ်များသည် မိမိဒေသအကျိုးအတွက် အုပ်ချုပ်ရေးပိုင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသ၊ ရေမြေသဘာဝနှင့်ကိုက်ညီစေရေးအတွက် သုတေသနပြုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးသွားရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျေးလက်သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေး အသိပညာပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသများတွင် အသေးစားရေအားလျှပ်စစ်ထုတ်ယူရရှိရေးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် အခြေခံပညာကျောင်းများတွင် အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများကိုခန့်ထားပေးပြီး ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာတတ်မြောက်ပြီး လူငယ်များအနေဖြင့် ဒေသတွင်း အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဦးဆောင်နိုင်သည်အထိပြုစုပျိုးထောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသများတွင် သူနာပြု၊ လက်ထောက်ကျန်းမာရေးမှူးနှင့် ကျန်းမာရေးမှူးများ ပြည့်စုံစွာခန့်ထားနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် ဝေးလံခေါင်းပါးသည့်နေရာများတွင် အနည်းဆုံးမြို့နယ်အဆင့်အထိ ဆရာဝန်များဖြည့်ဆည်းနိုင်ရေး အဆင့်ဆင့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

ပါတီစုံဒီမိုကရေစီ ခေတ်သို့ပြောင်းလဲပြီးနောက်ပိုင်းတွင် ပထမဆုံးအစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်သည် နယ်စပ်ဒေသအပါအဝင် ပြည်နယ်နှင့်တိုင်းအစွန်အဖျားများ၌ အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်ရကြောင်း၊ အာဆီယံတွင်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသည့် နိုင်ငံ ၄ နိုင်ငံတွင်ပါဝင်နေကြောင်း၊ အဓိကအားဖြင့် တည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နည်းပါးသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ ဆင်းရဲနွမ်းပါး မှုနှုန်းမှာမြင့်မားနေသည်ကို ဆန်းစစ်ချက်များအရတွေ့ရကြောင်း၊ အဆိုပါအချက်များကြောင့် မိမိတို့နိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆောင်ရွက်ရန်လိုနေသေးကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ထွက်ကုန်များဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း၊ မိမိတို့ဗဟိုကော်မတီအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်ကိုအခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်၍ မိမိတို့ဆောင်ရွက်ရမည့် မူဝါဒကိုချမှတ်နိုင်မည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တို့တာဝန်အရေးသုံးပါးကို ခိုင်မာစွာထိန်းသိမ်းနိုင်သည့် မျိုးချစ်စိတ်ဓာတ်အပြည့်ရှိသည့် တိုင်းရင်းသား လူငယ်လူရွယ်များ ပေါ်ထွက်လာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံအနာဂါတ်ကောင်းမွန်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ၌ အစည်းအဝေးတွင် လုပ်ငန်းကော်မတီနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်မျာနှင့်ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်ကို တွေ့ရပါကြောင်း။

ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်က မွန်မြတ်သည့်စေတနာနှင့် ငွေကြေးမြောက်များစွာ အကုန်အကျခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်၏စေတနာနှင့် မျှော်မှန်းထားသည့်အတိုင်း နယ်စပ်ဒေသများတွင်ရှိသည့် တိုင်းရင်းသားလူမျိုးအားလုံး၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝများမြင့်မားလာစေရန်အရေးကြီးပါကြောင်း။

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ်နေပါကြောင်း၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုး‌ရေးမရှိသည့် ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိပါကလည်း ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့ခိုင်မြဲမည် မဟုတ်သည်ကိုသတိပြုစေလိုပါကြောင်း၊ နယ်စပ်ဒေသများသည် နယ်မြေဧရိယာ ကျယ်ပြန့်သလောက် လူဦးရေသိပ်သည်းဆနည်းပါးပါကြောင်း၊ ပြည်မနှင့်ကူးလူးဆက်ဆံရန် ခက်ခဲသည့်အတွက် အခြေခံကျသော လမ်းပန်းဆက်သွယ်မှုများကိုလည်း များစွာတိုးချဲ့ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လိုအပ်သည့်ဒေသများတွင် ဆက်လက်လုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း။

နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်အတွက် နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းစေရန်လည်း အထူးလိုအပ်ပါကြောင်း၊ နယ်စပ်ဒေသများတွင် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နယ်မြေအခြေအနေကန့်သတ်ချက်၊ ရာသီဥတုအခြေအနေကန့်သတ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအပေါ်မူတည်၍ ခက်ခက်ခဲခဲဆောင်ရွက်နေရခြင်းများ ရှိနေသော်လည်း သတ်မှတ်ဘဏ္ဍာရေးနှစ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးရေးတာဝန်ရှိသူများအနေဖြင့် တွန်းအားပေးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း။

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အပါအဝင် အကူအညီပေးအပ်ထားသည့် ရန်ပုံငွေများနှင့် နယ်စပ်ဒေသအခြေခံအ‌ဆောက်အအုံများ တည်ဆောက်ခြင်းနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း။

ထိုသို့ မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ကူညီမှုဖြင့်ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများအတွက်များစွာ အထောက်အကူပြုစေနိုင်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၏ ဦးဆောင်မှုနှင့် နယ်စပ်ဒေသရှိလူမှုစီးပွားဘဝ အခြေခံအ‌ဆောက်အအုံများ အမြန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသနေတိုင်းရင်းသားလူငယ်များ ထူးချွန်ထက်မြက်သည့်လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေရေး ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် နယ်စပ်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment